ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၁၈ ခုနှစ် ၊ မေလ ၁၅ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ ) ဦးအနက် ( ၃၈၇ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ပြည်သူ့လွှတ်တော်၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြောင်းလဲတာဝန် ပေးအပ်ခြင်းကို အောက်ပါအတိုင်း လွှတ်တော်က အတည်ပြုခဲ့သည် -
(၁) ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လစ်လပ်သွားသော ဥက္ကဋ္ဌနေရာ၌ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ လမ်းမတော် မဲဆန္ဒနယ်အား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊
(၂) ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လစ်လပ်သွားသော အတွင်းရေးမှူးနေရာ၌ ယင်းကော်မတီမှ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်အား အတွင်းရေးမှူး အဖြစ်လည်းကောင်း၊
(၃) ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ လစ်လပ်သွားသော ဥက္ကဋ္ဌနေရာ၌ ယင်းကော်မတီမှ အတွင်းရေးမှူး ဦးအောင်တင်လင်း၊ နတ်မောက် မဲဆန္ဒနယ်အား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ လစ်လပ်သွားသော အတွင်းရေးမှူး နေရာ၌ ယင်းကော်မတီမှ အဖွဲ့ဝင် ဦးလှသန်း၊ ကဝမဲဆန္ဒနယ်အား အတွင်းရေးမှူး အဖြစ်လည်းကောင်း၊
(ခ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးနှင့် အဋ္ဌမပုံမှန်အစည်း အဝေးကြားကာလအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း
(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်၊ လဟယ်မဲဆန္ဒနယ်၏ ၇-၄-၂၀၁၈ မှ ၂၉-၄-၂၀၁၈ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ နိုင်ငံတကာဆက်ဆံရေး၊ အုပ်ချုပ်မှုနှင့် အများပြည်သူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်၊
(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊ နွားထိုးကြီးမဲဆန္ဒနယ်၏ ၁၉-၄-၂၀၁၈ မှ ၂၀-၄-၂၀၁၈ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ Dialogue on Parliamentarians Supporting the Quiet Revolution For Better Regulatory Governance ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊
(၃) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးမင်းသိန်း၊ ရေဦးမဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၅-၄-၂၀၁၈ မှ ၂၆-၄-၂၀၁၈ ရက်နေ့အထိ မွန်ဂိုလီးယားနိုင်ငံ International Conference Improving the Foreign Policy Decision Making Process: The Case of Mongolia ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊
(၄) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ရွှေကူမဲဆန္ဒနယ်၏ ၇-၅-၂၀၁၈မှ ၈-၅-၂၀၁၈ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ လက်နက်ငယ်များ၊ သယ်ဆောင်ရ လွယ်ကူသော လက်နက်များနှင့်စပ်လျဉ်းသည့် ပါလီမန်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးမင်း၊ ခရမ်းမဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၇-၅-၂၀၁၈ မှ ၉-၅-၂၀၁၈ ရက်နေ့အထိ စင်္ကာပူသမ္မတနိုင်ငံ Parliamentarian Workshop on International Trade 2018 အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊
(ဂ) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးနိုင်ထူးအောင်၊ နွားထိုးကြီးမဲဆန္ဒနယ်မှ မေးမြန်းသော ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို နိုင်ငံတော် နှင့်နိုင်ငံသားများ ရေတိုရေရှည် အကျိုးဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သော မူဝါဒ၊ မဟာဗျူဟာများ ချမှတ်၍ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျေးလက်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာမှာ အဓိက ချိတ်ဆက်သည့် လမ်းကွန်ယက်စနစ် (Core Rural Road Network)ဖြင့် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းဦးစီးဌာနပိုင် လမ်းမကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်သည့် လမ်းများကို Class(A)၊ တစ်ဆင့်ခံချိတ်ဆက်သည့်လမ်း များကို Class(B)နှင့် Class(B)လမ်းအချင်းချင်း ထပ်မံချိတ်ဆက်မည့်လမ်းများကို Class(C)ဟု သတ်မှတ်ပြီး ကျေးလက်လမ်းများဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်အညီ တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ မေးမြန်းသော လမ်းတံတား အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသည့် Third Party စနစ် အမြန်ဆုံး အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော Myanmar National Building Code (MNBC) အား ဘာသာပြန်ပြီး ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင် များသို့ အမြန်ဆုံးဖြန့်ဝေပေးရန်နှင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲသတ်မှတ်မှုနှင့် ဆောင်ရွက်ကျင့်သုံးမှု ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး၏ အတည်ပြုချက်ရရှိပါက မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ စည်းမျဉ်းများ(Myanmar National Building Code-(MNBC)ကို ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးသွားမှာဖြစ်ပြီး Third Party စနစ်အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော လုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများကိုလည်း အားလုံးရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်မှ မေးမြန်းသော ကျောက်တန်း မြို့နယ်နှင့်ဒလမြို့နယ် ဆက်သွယ်ထားသော တံတားတစ်စင်း တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားကြီးတည်ဆောက်မည်ဆိုပါက ကုန်ကျစရိတ် အလွန်များပြားသည့်အတွက် လတ်တလော ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း နှင့်နောင်တစ်ချိန်မှာ တည်ဆောက်ပေးနိုင်ရေးအတွက် Master Plan မှာ ထည့်သွင်းရေးဆွဲထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်မှ မေးမြန်းသော ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ရေးနှင့် ပစ္စည်း ဝယ်ယူရေး တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင် အနိမ့်ဆုံးကြမ်းခင်းဈေး သတ်မှတ်ထားခြင်းအား ပယ်ဖျက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပထမပိုင်း အနေဖြင့် ပစ္စည်းဝယ်ယူရေးတင်ဒါ ခေါ်ယူဆောင်ရွက်ရာတွင် သတ်မှတ်ထား ချက်များအရ အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်း သတ်မှတ်ရန် မလိုအပ်ပါကြောင်းနှင့် ဒုတိယပိုင်းအနေဖြင့် ကျွမ်းကျင်မှုဆိုင်ရာ (Technical) အောင်မြင်သော ကုမ္ပဏီ များမှ တင်သွင်းလာသည့် ဈေးနှုန်းများအနက် ဈေးနှုန်းအနည်းဆုံး တင်သွင်း သည့် ကုမ္ပဏီအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးအောင်တင်လင်း၊ နတ်မောက်မဲဆန္ဒနယ်မှ မေးမြန်းသော နတ်မောက်မြို့နယ် နှင့် ရမည်းသင်းမြို့တို့အား ခရိုင်ချင်းဆက်လမ်းဖောက်လုပ်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကပေါင်းကုန်းကြီး၊ လဲဘူး၊ သပွတ်ပင်လမ်း ပိုင်း၌ (၁၂)ပေ အကျယ်(၆)လက်မ ထု၊ ကျောက်ရောမြေ(၈)မိုင် (၆)ဖာလုံ ခင်းရန်အတွက် ရန်ပုံငွေထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကျန်ရှိသောလမ်းပိုင်းများအား ဘဏ္ဍာ ရေးနှစ်အလိုက်၊ ဘဏ္ဍာငွေတင်ပြတောင်းခံပြီး၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးမြတ်လေးဦး၊ ထီးလင်းမဲဆန္ဒနယ်မှ မေးမြန်းသော ထီးလင်းမြို့နယ်အတွင်းရှိ ကျင်း-တပျင်းလမ်း(၁၂)မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ကတ္တရာလမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက် နိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ တင်ပြတောင်းခံပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ဃ) ဝမ်းနည်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း
၁၂.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်စခန်းနှင့် မြို့အတွင်းရှိ နေအိမ်များသို့ KIA, TNLA လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ (၁၄)ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်(၁)ဦးနှင့် ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးကာ ဒဏ်ရာရသူ(၂၇)ဦးအတွက် စာနာထောက်ထား ကြောင်းနှင့် သေဆုံးသူမိသားစုနှင့်အတူ ဝမ်းနည်းပါကြောင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
(င) အဆို(၁)ခုတင်သွင်းခြင်း
ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ပြီး သည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးအတွက် အကောင် အထည်ဖော် ကျင့်သုံးကြရမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှတစ်ဆင့်ခံ ဥပဒေ ဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲထုတ်ပြန် ကျင့်သုံးပေးပါရန် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း အဆိုကို ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က တင်သွင်းပြီး ဦးခင်မောင်ဦး၊ ကျောက်တံခါးမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၆.၅.၂၀၁၈ ရက်(ဗုဒ္ဓဟူးနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(စ) ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း
ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က တင်သွင်းသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၇.၅.၂၀၁၈ ရက်(ကြာသပတေးနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်(၁၁)နာရီ (၂၅)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၁၆.၅.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။