(က)-အရက်ချက်စက်ရုံများတွင် Flow-Meter များ တပ်ဆင်ရန်ကိစ္စ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

အရက်ချက်စက်ရုံများအား စွန့်ပစ်ရေဆိုးများကို ပြည့်စုံသည့်ရေဆိုးသန့်စင်စနစ် (Waste Water Treatment System) နှင့် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ရမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနများက ညွှန်ကြားထားသော်လည်း ယခုအခါ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်း မရှိဘဲ ဆက်လက်လည်ပတ်လျက်ရှိသောကြောင့် စွန့်ပစ်ရေဆိုးများ အနီးအနားတွင်ရှိသည့် လယ်မြေများ၊ မြစ်များ၊ ချောင်းများကို တိုက်ရိုက်စွန့်ပစ်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလျက်ရှိနေပါကြောင်း၊ အရက်ချက်စက်ရုံများ၏ ရေဆိုးသန့်စင်စနစ် (Waste Water Treatment System) နှင့် စွန့်ပစ်ရေအရည်အသွေးကို အချိန်နှင့်တစ်ပြေးညီ တိုင်းတာ စောင့်ကြပ်ကြည့်ရှုသည့် စနစ် (Real Time Waste Water Treatment System) အကောင်အထည် ဖော်မည့် Action Plan များ အမြန်တင်ပြရန်လည်း ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်များ မနစ်နာစေရန်အတွက် အရက်ချက်စက်ရုံများ၏ ထုတ်လုပ်မှုပမာဏအမှန်ကို သိရှိနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ လုပ်ငန်းရှင်များကို Flow Meter များ တပ်ဆင်ရန် ၃၁-၁၀-၂၀၁၇ ရက်နေ့မတိုင်မီ အပြီးအစီးဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြထားပြီးဖြစ်ကြာင်း၊ Flow Meter များကိုလည်း ၂၄ နာရီ Online စောင့်ကြည့်စနစ် (24 hours Online Monitoring System) ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသော်လည်း နိုင်ငံတော်၏အခွန် မှန်မှန်ကန်ကန်ရရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် Flow Meter များ တပ်ဆင်ပြီးစီးမှုအခြေအနေ ၂၄ နာရီ Online စောင့်ကြည့်စနစ် (24 hours Online Monitoring System) အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့် စွန့်ပစ်အရည်အသွေးများအား အချိန်နှင့်တစ်ပြေးညီ တိုင်းတာစောင့်ကြည့် ကြည့်ရှုသည့်စနစ် (Real Time Waste Water Treatment System) အကောင်အထည်ဖော်မည့် အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။