(ခ)-တောင်သူလယ်သမားများကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ရှည် ချေးငွေကဲ့သို့သော အထောက်အပံ့ဖြစ်စေမည်‌့ ကူညီစောင်‌့ရှောက်မှုများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

2020-12-21

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားရသည့် တိုင်းပြည်ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မှုနှင်‌့အတူ တောင်သူလယ်သမားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း နိုင်ငံ၏စီးပွားရေးကို များစွာအထောက်အကူပြုစေပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်သူများ၏ စိုက်ပျိုးသီးနှံများသည် ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှားဖျက်ဆီးမှု၊ သဘာဝ ဘေးအန္တရာယ်ကျရောက်မှု၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားသွင်းအားစုများ လုံလောက်စွာ မထည်‌့သွင်းနိုင်မှု၊ မျိုးကောင်း မျိုးသန့်များအသုံးမပြုနိုင်မှု၊ စရိတ်အကုန်အကျသက်သာအောင် စပါးများကို ကြဲခင်းပက်စိုက်ကြမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အထွက်နှုန်းများ လျော့ကျသကဲ့သ့ို ထုတ်လုပ်မှုစရိတ်ကြီးမားပြီး ထုတ်ကုန်ပစ္စည်းတန်ဖိုးက နည်းပါးမှုကြောင့်လည်း များစွာအရှုံးပေါ်ကြရပါကြောင်း၊ စပါးဈေးသည် သင်‌့တင့်သောဈေးဖြစ်သော်လည်း ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့သည် အိန္ဒိယမှဝယ်ယူတင်သွင်းမှုကို ပိတ်ပင်လိုက်မှုကြောင့် ဈေးများမတန်တဆ ကျဆင်းပြီး ထုတ်လုပ်မှုစရိတ်ကို မကာမိရခြင်း ဖြစ်ပါကြောင်း၊

နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်မှု၊ နိုင်ငံသားများ၏စားနပ်ရိက္ခာ ဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင်‌့ တောင်သူလယ်သမားများ၏ဝင်ငွေနှင်‌့ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေရေးကြေးရေးကဏ္ဍမှ တစ်ဖက်တစ်လမ်းပံ့ပိုးဆောင်ရွက်ပေးသည့်အနေဖြင့် လယ်တစ်ဧကကို မိုးအတွက် တစ်သိန်းခွဲနှင်‌့ ဆောင်းသီးနှံအတွက် ၅၀၀၀၀ ထုတ်ချေးခြင်းမှ တောင်သူများအတွက် အထိုက်အလျောက် အကျိုးရှိပါကြောင်း၊ အတိုးနှုန်းသည်လည်း ငွေကျပ်တစ်ရာလျှင် တစ်နှစ်ကို ရှစ်ရာခိုင်နှုန်းဖြစ်သည့်အတွက် သင်‌့တင်‌့သည့်အတိုးနှုန်းလည်း ဖြစ်ပါကြောင်း၊ သို့သော် တစ်ဧကကို မိုး၊ ဆောင်းတစ်နှစ်လုံးမှ နှစ်သိန်းသာရရှိခြင်း၊ ဆယ်ဧကအထိသာ ထုတ်ယူခွင်‌့ရရှိခြင်းတို့ကြောင့် တောင်သူများသည် ကုန်ကျသောစိုက်ပျိုးစရိတ်မလောက်ငှဘဲ ပြင်ပမှအတိုးကြီးများဖြင့် ယူရခြင်းများ ယခုထိ ရှိနေဆဲဖြစ်သည့်အပြင် အစိုးရချေးငွေများသည် နှစ်ချင်းဆပ်ချေးငွေဖြစ်သည့်အတွက် ပြန်လည်ပေးဆပ်ချိန်တွင် အခက်အခဲများစွာကြုံတွေ့မှုများ ရှိနေကြရပါကြောင်း၊ ယခုအခါ အိန္ဒိယမှ ပဲဝယ်ယူတင်သွင်းခွင်‌့ကို အကန့်အသတ်ဖြင်‌့ခွင်‌့ပြုလိုက်သော်လည်း တောင်သူများ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး၊ ပြင်ပမှအတိုးကြီးဖြင်‌့ယူထားရသည်များကို ပြန်လည်ပေးဆပ်နိုင်ရေးတို့ အတွက် ဈေးအတက်ကိုစောင်‌့ရာ မသိုလှောင်နိုင်တော့ဘဲ ရသည့်ဈေးဖြင်‌့သာ ရောင်းချကြရသည့် အတွက် တောင်သူများ၏ဘဝသည် နစ်မွန်းသည်ထက်နစ်မွန်းပြီး ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေကြရပြီး နောက်ဆုံးတွင် တောင်သူများသည် မိမိတို့၏လယ်ယာမြေများကို ခင်တွယ်လိုစိတ်မရှိတော့ဘဲ စွန့်ခွာကာ ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်နေကြရသူ ပိုမိုများပြားလာခဲ့ကြပြီး လက်ရှိလုပ်ကိုင်နေသူများသည်လည်း တာဝန်အရစိုက်ပျိုးကြရခြင်း၊ အခြားလုပ်စားစရာအလုပ်မရှိ သည့်အတွက်  လုပ်နေရသည့် အခြေအနေများဖြစ်လာရပါကြောင်း၊ JICA Two Step Loan သည်လည်း တောင်သူများအတွက် စက်ကိရိယာများဝယ်ယူရေးနှင့် လုပ်ငန်းကြီးများအတွက်သာ ချေးသည်ဖြစ်၍ စိုက်ပျိုးစရိတ်မလုံလောက်သူများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေဆဲ ဖြစ်ပါကြောင်း၊

မိမိမဲဆန္ဒနယ်ရှိ တောင်သူများသည် နှစ်ချင်းဆပ်ချေးငွေဖြင်‌့ အဆင်မပြေသည့်အတွက် ၎င်းတို့၏ လယ်ယာမြေလုပ်ပိုင်ခွင်‌့ ပုံစံ(၇)တို့ကို တောင်ငူ CB ဘဏ်တွင်အပ်နှံပြီး တစ်ဧက လေးသိန်းနှုန်းဖြင့် သုံးရက်အတွင်း အကြေဆပ်ရမည့်ချေးငွေရရှိရေးအတွက် မျှော်လင်‌့စောင်‌့စားနေကြသော်လည်း နောက်ဆုံးတွင် အကြောင်းအမျိုးမျိုးကြောင့် CB ဘဏ်မှချေးငွေမရ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလည်း ချေးငွေမထုတ်ရနှင်‌့ နစ်နာမှုများစွာကြုံဆုံခဲ့ရသော်လည်း ထိုနစ်နာမှုများအတွက် တစ်စုံတစ်ရာကုစားပေးမှုများ မရရှိခဲ့ကြသည့်အတွက် တောင်သူများအနေဖြင့် နှစ်ချင်းဆပ်ချေးငွေ အပြင် နှစ်စဉ်ချေးငွေငါးနှစ်နှင်‌့ နှစ်တိုချေးငွေသုံးနှစ်အတွင်း ပြန်ဆပ်ရမည့်ချေးငွေများ ချေးပေး နိုင်မည်ဆိုပါက မိမိတို့၏လယ်ယာထွက်ကုန်တန်ဖိုးကျဆင်းနေပါက ချက်ချင်းမရောင်းဘဲ သိုလှောင် ထားနိုင်ခြင်း၊ ပြင်ပမှအတိုးကြီးများဖြင့်‌့ယူရမှုများ ပပျောက်သွားခြင်း၊ လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်သောသွင်းအားစုများကို အပြည်‌့အဝအသုံးပြုနိုင်ခြင်းဖြင်‌့ တောင်သူလယ်သမားများ၏ လူနေမှုဘဝမြင်‌့မားလာစေမည် ဖြစ်ပါကြောင်း၊ ထို့အတွက် လုပ်ကွက်ငယ်တောင်သူများအတွက် စက်ကိရိယာများဝယ်ယူရေးအတွက်မဟုတ်ဘဲ စိုက်ပျိုးစရိတ်အတွက် နှစ်ရှည်ချေးငွေဖြစ်သော ငါးနှစ် အတွင်းအရစ်ကျစနစ်ဖြင်‌့ ပြန်လည်ပေးဆပ်ရမည့်ချေးငွေများသည် တောင်သူများအတွက်များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေး ဝမ်းကျောင်းပြုနေသော တောင်သူလယ်သမားများ ကြုံတွေ့နေသည့် အခက်အခဲပေါင်းစုံကို ဖြေရှင်းပေးနိုင်ရန် နှစ်ရှည်ချေးငွေကဲ့သို့သော အထောက်အပံ့ဖြစ်စေမည့် ကူညီစောင်‌့ရှောက်မှုများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။