(က)-ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အမည်စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည်ပေးပို့လာသည့် အမည်စာရင်းတွင် အဖွဲ့ဝင်(၂)ဦး အမည်စာရင်း လွဲမှားနေ သဖြင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဖွဲ့စည်းရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းရွေးချယ်ပေးပို့ခဲ့သည့် ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အမည်စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပေးပို့လာသည့် အမည်စာရင်းတွင် အဖွဲ့ဝင်နှစ်ဦး လွဲမှားနေသည်ကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ လွဲမှားခြင်းသည် သဘောရိုးနှင့် လွဲမှားခြင်းဟုတ်/မဟုတ် မည်သည့်အတွက်လွဲမှားမှု ဖြစ်ပေါ်ခြင်းကို သိရှိလိုကြောင်း၊ လက်ရှိအစိုးရ တာဝန်ယူသည့် ကာလအတွင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ အသစ်ပြန်လည်ရွေးချယ်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ညွှန်ကြား ချက်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ ပို့လာပါတယ်။ ဒီညွှန်ကြားချက်မှာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရှေးချယ်ပေးရန် ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းကိုလည်း တင်ပြပါအတိုင်း ဖော်ပြထားပါကြောင်း၊ အရည်အချင်းတွင် မူလက အသက် ၇၀ မကျော်သူဟု သတ်မှတ်ထားပြီး နောက်ပိုင်းတွင် အသက် ၇၀ ကျော်နိုင်ကြောင်း ပြင်ဆင်ထားပါကြောင်း၊ ပျော်ဘွယ်မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို ရရှိထားသည့် ဆန္ဒပြုလွှာအမည်စာရင်းအရ တိုင်းဒေသကြီး၏ ညွှန်ကြားချက်အတိုင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်ခြောက်ဦး၊ မြို့မိမြို့ဖငါးဦးနှင့် လွှတ်တော် ကိုယ်စားလှယ်သုံးဦး စုစု‌ပေါင်းအဖွဲ့ဝင် ၁၄ ဦးတို့က အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသူခြောက်ဦးကို စိစစ်ရွေးချယ်တင်ပြခဲ့ပါကြောင်း၊ တင်ပြပါအမည်စာရင်းအတိုင်း ခြောက်ဦး ဖြစ်ပါသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၈-၁၂-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် (၄၅/၂၀၁၇) တွင် ပျော်ဘွယ်မြို့နယ်က ပေးပို့ထားသည့် အဖွဲ့ဝင်နှစ်ဦးကို အမည်စာရင်း လွဲမှားဖော်ပြပါရှိလာပါကြောင်း၊ မြို့နယ်က စိစစ်ရွေးချယ်ပေးပို့သည့် အမည်စာရင်းတွင် ဦးမောင်မောင်တင် နေရာတွင် ဦးဝင်းမြင့်အောင် ဖြစ်နေပြီး ဒေါ်ခင်မာရီ နေရာတွင် ဒေါ်နုနုရီအဖြစ် မှားယွင်းနေခြင်း ဖြစ်ပါကြောင်း၊ ယခုလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် စာရင်းက လွှတ်တော်ကိုယ်စာလှယ်များအပါအဝင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့မိမြို့ဖများက ညွှန်ကြားချက်နှင့်အညီ ရွေးချယ်တင်ပြပေးလိုက်သည့် အမည်စာရင်းနှင့် မတူညီသည်မှာ မထင်မှတ်ဘဲ ချွတ်ချော်မှားယွင်းမှုကြောင့် ဖြစ်တတ်သလို အခြားအကြောင်းကြောင့်လည်း ဖြစ်တတ်ပါကြောင်း၊ သဘောရိုးဖြင့် မှားယွင်းပြီး ၎င်းကို မပြင်ဘူးဆိုလျှင် မြို့နယ်လူထုအပါအဝင် ပြည်သူလူထုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် အထင်အမြင်လွဲမှား သွားနိုင်ပါကြောင်း၊ ထို့ကြောင့် မှားယွင်းမှုအကြောင်းကို သိရှိလိုခြင်းနှင့် အမည်စာရင်းမှားယွင်းမှုကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပြည်သူများကိုယ်စား မေးမြန်းရခြင်း ဖြစ်ပါသည်။