(ခ)-ကွမ်းလုံမြို့နယ် နမ့်ကျွမ်း၊ ဝေါချုံးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မည်သည်‌့သတ်မှတ်ချက် စံနှုန်းများဖြင့် လျာထားဆောင်ရွက်နေသည်နှင့် ၎င်းဒေသရှိ ကျေးရွာချင်းဆက်လမ်းများအား နှစ်အလိုက် မည်သို့လျာထားဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

 

ကွမ်းလုံမြို့နယ်သည် ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၁၇၃ ရွာမှ အများစုသည် တောင်ပေါ်ကျေးရွာများ ဖြစ်ကြပါကြောင်း၊ မြို့တည်နေရာ သံလွင်မြစ်ကမ်းနံဘေး တောင်ခါးပန်းတွင် တည်ရှိနေသည့်အတွက် ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်မှု အဆင်ပြေလွယ်ကူမှု မရှိပါကြောင်း၊ အထူးသဖြင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမကြီးဘေးရှိ တောင်ပေါ်ကျေးရွာချင်းဆက် လမ်းများသည် မိုးရာသီတွင် ပိုမိုခက်ခဲပါကြောင်း၊ လမ်းမကြီး၏ တောင်ဘက်ခြမ်း လားရှိုး-သိန္နီ-ဟိုပန်မြို့များနှင့် မြို့နယ်ချင်းဆက်နေပြီး မြောက်ဘက်ခြမ်းသည် လောက်ကိုင်၊ ကွတ်ခိုင်မြို့များနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြို့နယ်ချင်းဆက်လမ်းများလည်း သွားလာရန် အဆင်ပြေလွယ်ကူမှုမရှိပါကြောင်း၊

လားရှိုး-ကွမ်းလုံမြို့နယ်ချင်းဆက်လမ်းသည် ရာသီမရွေးသွားလာနိုင်ခြင်း မရှိသည့်အပြင် မြေသားလမ်း ၂၅ မိုင် ကျန်ရှိနေပြီး တံတားများလည်း မရှိသည့်အတွက် ယခင်ပုံမှန်လွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက လျာထားဆောင်ရွက်မည့် အစီအစဉ်ကို ဖြေကြားပေးပို့ထားခြင်း ဖြစ်သဖြင့် ပြီးစီးသွားပါက ၎င်းဒေသနေပြည်သူများက အလွယ်တကူ သွားလာနိုင်ကြမည် ဖြစ်သည်ဟု မျှော်လင့်ရရှိနိုင်ပြီဖြစ်ပါကြောင်း၊ ယခု မြောက်ဘက်ခြမ်းဖြစ်သည့် နမ့်ကျွမ်း၊ ဝေါချုံဒေသတွင် တောင်ပေါ်ကျေးရွာများရှိ ဆင်းရဲနွမ်းပါးတိုင်းရင်းသားများသည် ၎င်းတို့၏ ကျန်းမာရေးနှင့် အထွေထွေလူမှု စီးပွားဝမ်းစာအတွက် ၎င်းကျေးရွာချင်းဆက်လမ်းများကို မဖြစ်မနေအားထား အသုံးပြုသွားလာ နေကြသည့်အပြင် ကွမ်းလုံမြို့၏ တောင်ပေါ်ကျေးရွာအများစုသည် ဘိမ်းအစားထိုးကြံကို အဓိက ထားစိုက်ပျိုးသည့်အတွက် အဆိုပါကျေးရွာချင်း ဆက်လမ်းများသည် ၎င်းဒေသ၏ ကုန်ထုတ်လမ်းများလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ရန်နှင့် တောင်ဘက်ခြမ်းဖြစ်သည့် ကမ်မိန်း၊ ပန်ခမ်းဒေသကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊ သို့သော်လည်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစ၍ ယခုထိ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေကျပ် ၉၁၂.၅၂ သန်းသာသုံးစွဲခဲ့ကြောင်းနှင့် ဘတ်ဂျက်လျာထားမှု လွန်စွာနည်းပါးကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ သက်ဆိုင်ရာဦးစီးဌာနသို့ တင်ပြစာအရ သိရှိရသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနှင့် ကွမ်းလုံမြို့နယ် ဆင်းရဲနွမ်းပါး ကိုးကန့်တိုင်းရင်းသားများ အများစုနေထိုင်ရာဖြစ်သည့် နမ့်ကျွမ်း၊ ဝေါချုံးဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မည်သည်‌့သတ်မှတ် ချက်စံနှုန်းနှင့်လျာထား ဆောင်ရွက်နေသည်နှင့် ၎င်းဒေသရှိ ကျေးရွာချင်းဆက်လမ်းများအား နှစ်အလိုက် မည်သို့လျာထား ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။