(ဂ)-တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အကြား ကားလမ်းမကြီးတွင် ဆိုးရွားစွာပျက်စီးလျက်ရှိသော လမ်းပိုင်းများအား ကတ္တရာလမ်းအဖြစ် အဆင်‌့မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

2020-12-21

 

မိုင်းတုံမြို့နယ်အတွင်းပြည်သူများသည် မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းကို အားကိုး အားထား ပြုပြီး အစားအသောက်နှင့် ကုန်ပစ္စည်းများကို တာချီလိတ်အထိ သွားရောက်ဝယ်ယူ သုံးစွဲနေကြရခြင်းဖြစ်ပါကြောင်း၊ မိုင်းတုံ-မိုင်းဆတ်လမ်း ၄၂ မိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြုပြင်ပေးခဲ့သော်လည်း မိုင်းဆတ-တာချီလိတ် ၆၀.၄ မိုင်ကို ဆောက်လုပ်ရေးဌာန ပိုင်လမ်းမဟုတ်ခြင်းကြောင့် ပြုပြင်ပေးနိုင်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊

မိုင်းဆတ်-တာချီလိတ်လမ်းပိုင်းသည် ၆၀.၄ မိုင်ရှည်လျားပြီး အမာခံမြေသားလမ်း ၉ မိုင်၊ ကျောက် ခင်းလမ်း ၄၅ မိုင်၊ ကတ္တရာလမ်း၆မိုင်ကျော် စသည်ဖြင့်ခင်းထားပြီး ယခုအခါ မိုင်တိုင် (၂၁)နှင့် (၂၇)အတွင်း မိုင်းတွမ်း-မဟုန်လွယ်-နားယောင်းရွာအကြား ၆ မိုင်၊ မိုင်တိုင် (၃၈)မှ (၄၃) အတွင်း ရွှေပြည်အေးကြိုးတံတား စခန်းသာရွာအကြား ၅ မိုင်၊ မိုင်တိုင်(၅၀)မှ(၅၀) အတွင်း နာသာလိ၊ ဝမ်ဟေး၊ ဟက်ဟိရွာအကြား ၅ မိုင် စုစုပေါင်း ၁၆ မိုင်သည် ဆိုးဝါးစွာ ပျက်စီးနေပါသဖြင့် အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊

လမ်းအသုံးပြုခကောက်ခံသည့်နေရာသည် “ဝ”စခန်း အောက်မှာတည်ရှိပြီး လမ်းအသုံးပြုခအဖြစ် ယာဉ်ငယ်တစ်စီးလျှင် ဘတ် ၁၀၀ ကျပ်အားဖြင့် ကျပ် ၄၀၀၀ ကျော်၊ ယာဉ်ကြီးတစ်စီးကို ဘတ် ၁၀၀၀ ကျပ်အားဖြင့် ၄၀၀၀၀ ကျော် အသွားတစ်ကြောင်းအတွက် ကောက်ခံနေသော်လည်း အဆင်ပြေစွာသွားလာနိုင်အောင် ပြုပြင်ပေးခြင်းမရှိသည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်ကြား ကားလမ်းမကြီးတွင် ဆိုးရွားစွာပျက်စီးလျက်ရှိ သောလမ်းပိုင်းများအား ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရန် ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပြုပြင်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် ပြုပြင်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။