(က)-၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းမူဝါဒပါ မြို့နယ်တစ်မြို့နယ်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေ သန်း ၁၀၀၀ သို့မဟုတ် သန်း ၅၀၀ စီစဉ်ချမှတ်ပေးရန် တောင်းခံမှုကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မည်သည့် နည်းဖြင့် စီစဉ်ဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်ဆွေးနွေးတင်ပြ တောင်းခံမေးမြန်းလိုသော ကဏ္ဍများမှာ ပြည်သူများ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်နှင့်အညီ နိုင်ငံတော်အကြီးအကဲအဆင့်ဆင့်၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နယ်စွန် နယ်ဖျားမကျန် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူများအားလုံး တန်းတူ ညီတူ အခွင့်အရေးများနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးဟူသော ရည်မှန်းချက်ပန်းတိုင်များကို ပြီးစီးအောင်မြင်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်အသီး သီးတွင် စက်ယန္တရားအပါအဝင်ပြည့်စုံ၍ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာအပါအဝင် ကျေးလက်ဒေသလမ်းတံတား ဖောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး၊ လယ်ယာမြေ ဖော်ထုတ်ရေးလုပ်ငန်းများနှင့် ဘက်စုံကဏ္ဍစုံ တည်ဆောက်အကောင်အထည်ဖော်ရာတွင် ထိထိမိမိ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ရပ်မိရပ်ဖ မြို့နယ်ဖွံ့ဖြိုး ရေးအထောက်အကူပြုအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းချမှတ်၍ သက်ဆိုင်သော မြို့နယ်၏ ဌာနဆိုင်ရာများမှ တာဝန်ယူတာဝန်ခံ၍ တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းမူဝါဒတွင် တင်ပြဆွေးနွေးတောင်းခံရာ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ ကိုဖြစ်စေ သို့မဟုတ် ချွတ်ခြုံကျဆင်းရဲနွမ်းပါးသော မြို့နယ်များကို အထူးစီမံချက်ချမှတ် သတ်မှတ် ရွေးချယ်၍ဖြစ်စေ မြို့နယ်တစ်မြို့နယ်ကို နှစ်စဉ်ဖွံ့ဖြိုးရေးရန်ပုံငွေ ဘတ်ဂျက်အဖြစ် သန်း ၁၀၀၀ သို့မဟုတ် သန်း ၅၀၀ ချမှတ်ပေးရန် ထည့်သွင်းတောင်းခံခဲ့ခြင်းသည် အလယ်အလတ်စီမံကိန်း လုပ်ငန်းများကို မြို့နယ်အစီအစဉ်ဖြင့် အလျင်အမြန်တည်ဆောက်ပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်ခင်ဗျား။
နာယကကြီးနှင့် သမ္မတကြီးမှ ပေါင်းစပ်ညှိနှိုင်း၍ မဲဆန္ဒနယ်တစ်ခုကို လွှတ်တော်၏ ငွေလုံး ငွေရင်းဘတ်ဂျက်ထဲမှ သန်း ၁၀၀ ဖြစ်သော သိန်း ၁၀၀၀ ကိုချမှတ်၍ အစိုးရအဖွဲ့မှ စီမံချက်တင်၍ အကောင်အထည်ဖော်ရန် လုံလောက်မှုမရှိသော ရပ်မိရပ်ဖပြည်သူများရဲ့ အခြေခံလိုအပ်ချက်များ ဖြစ်သော သိန်း ၅၀ ထက်မပိုသောလုပ်ငန်းများကို မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ အခြေခံလိုအပ်ချက်များကို ချက်ချင်းတည်ဆောက်ပေးနိုင်သဖြင့် ကျေးလက်ဒေသ တွင်နေထိုင်သော တိုင်းရင်းသားပြည်သူများမှာ ဝမ်းမြောက်ဝမ်းသာကြိုဆိုထောက်ခံလျက်ရှိပါတယ် ခင်ဗျား။ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးထံမှတစ်ဆင့် မေးမြန်း လိုသောကဏ္ဍများမှာ ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းမူဝါဒတွင် တင်ပြဆွေးနွေးတောင်းခံခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တည်ရှိသော မြို့နယ်များအားလုံးကိုဖြစ်စေ သို့မဟုတ် ချွတ်ခြုံကျဆင်းရဲနွမ်းပါးသော မြို့နယ်များကို အထူးစီမံချက်ချမှတ် သတ်မှတ်ရွေးချယ်၍ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖမြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်၍ သက်ဆိုင်သော မြို့နယ်၏ဌာနဆိုင်ရာများမှ တာဝန်ယူတာဝန်ခံ၍ တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်းမူဝါဒတွင် မြို့နယ်တစ်မြို့နယ်ကို ကျပ်သန်း ၁၀၀၀ သို့မဟုတ် သန်း ၅၀၀ စီချမှတ် ပေးရန် တောင်းခံမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဘယ်နည်းဘယ်ပုံစီစဉ်ချမှတ် အကောင်အထည်ဖော်ပေးမည်ကို သိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ထံမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်းအား လေးစားစွာဖြင့် မေးမြန်းပါသည်။
[ဦးခမိုင်မုံကွမ်၊ ဆွမ်ပရာဘွမ်မဲဆန္ဒနယ်ကိုယ်စား ဦးဇင်းဝမ်၊ နန်းယွန်းမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]