ကျွန်မတို့ရဲ့ မြန်မာနိုင်ငံတော်တစ်ဝန်းမှာ တရားမဝင်မော်တော်ဆိုင်ကယ်များကို တရားဝင် လိုင်စင်များထုတ်ပေးနိုင်ရန် စီမံချက်တစ်ရပ်ချမှတ် ဆောင်ရွက်ပေးလျက်ရှိနေတာကိုလည်း လေ့လာ တွေ့ရှိခဲ့ရပါတယ်။ တရားမဝင်ဆိုင်ကယ်များကို တရားဝင်လိုင်စင်လုပ်ပေးခြင်းဖြင့် နိုင်ငံတော် အတွက် ရသင့်ရထိုက်တဲ့အခွန်ငွေများ တိုးတက်ရရှိလာတာကိုလည်း တွေ့မြင်နေခဲ့ရပါတယ်ရှင်။ မော်တော် ဆိုင်ကယ်မောင်းနှင်သူအများစုသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည် လိုက်နာမှု အားနည်းနေတဲ့အတွက်ကွောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပေါ်နေတာကိုလည်း တွေ့မြင် ကြားသိနေရပါတယ်။ ဒါကြောင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ယာဉ် မောင်းသူများအတွက် ကျေးရွာ အုပ်စုထိ သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သဘောပေါက် နားလည်စေရန်၊ လိုက်နာစေရေးအတွက်ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ ကျွန်မအနေနဲ့ ထင်မြင် ယူဆမိပါတယ်ရှင်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းချင်တာ ကတော့ (က) မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိနားလည်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပညာပေးအစီအစဉ်များကို ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မယ့်အစီအစဉ်ရှိ/မရှိ။ (ခ) ပိုမိုများပြားလာတဲ့ မော်တော် ဆိုင်ကယ်မောင်းနှင်သူများအတွက် ယာဉ်မောင်းလိုင်စင်များကို ကျေးလက်ဒေသအထိ ကွင်းဆင်း၍ စနစ်တကျထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ။ (ဂ) ရေးမြို့နယ်တွင် ကညနရုံးဖွင့်လှစ်ဖို့ အစီအစဉ် ရှိ/မရှိကို ပြည်သူများကိုယ်စား မေးမြန်းပါသည်။