(ဃ)-ထမံသီရေဝပ်ဧရိယာနှင့် လောင်းမင်းစိုက်ပျိုးဧရိယာတို့မှ သစ်တောလက်ကျန်ဧက၊ထမံသီစီမံကိန်း ဆည်ရေဝပ်ဧရိယာ သစ်တောအပြောင်ရှင်းခြင်းကို ဆည် တည်ဆောက်ချိန်မှ ခုတ်ထွင်ပါက အချိန်မီပြီးစီးနိုင်ခြင်းရှိ/မရှိတို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ထမံသီရေဝပ်ဧရိယာနှင့် လောင်းမင်းစိုက်ပျိုးဧရိယာတို့မှ သစ်တောလက်ကျန်ဧက၊ ဟုမ္မလင်းမြို့၊ မုံရွာမြို့၊ မန္တလေးမြို့များရှိ အထပ်သားလွှာစက်ရုံတို့ကို မည်သည့်နှစ်မှစ၍ နှစ်စဉ်၊ နှစ်အလိုက်ပေးပို့ ရသော သစ်တန်ချိန်၊ ထမံသီစီမံကိန်း ဆည်ရေဝပ်ဧရိယာ သစ်တောအပြောင်ရှင်းခြင်းကို ဆည် တည်ဆောက်ချိန်မှ ခုတ်ထွင်ပါက အချိန်မီပြီးစီးနိုင်ခြင်းရှိ/မရှိတို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

 

   ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာဆိုရင် သင်္ဘောကြီး တွေနဲ့ သစ်လုံးဆိုဒ်စုံတွေ၊ သစ်အပါးလွှာတွေ စုန်ဆင်းနေကြတာဟာ ကြည့်မကောင်း၊ ရှုမကောင်း ဖြစ်နေကြတဲ့အတွက် လွှတ်တော်မှာမေးခွန်းတင်ပြီးတော့ ကြယ်ပွင့်မပြ ကျွန်မမေးမြန်းခဲ့ဖူးပါတယ်။ အဲ့ဒီအခါမှာ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ သစ်အပါးလွှာစက်ရုံနှစ်ရုံအတွက် ကုန်ကြမ်းကို ထမံသီရေဝပ် ဧရိယာဧက ၃၀၀၄၈၅ နဲ့ လောင်းမင်းစိုက်ပျိုးမြေဧရိယာဧက ၈၀၀၀၀ တို့ကနေပြီးတော့ အပြောင်ရှင်း ထုတ်လုပ်တဲ့သစ်တွေဖြစ်တဲ့အတွက် သစ်တောဥပဒေနှင့်ငြိစွန်းကြောင်းလည်း သိရှိခဲ့ရပါတယ်။ သစ် လုံးသေးသေးလေးတွေ စုန်ဆင်းနေတာကတော့ မုံရွာနှင့်မန္တလေး အထပ်သားစက်ရုံကို တင်ပို့နေတဲ့ အကြောင်း သယ်ယူပို့ဆောင်ပေးနေတဲ့သူတွေကကိုလည်း သိရှိထားပါတယ်။ မုံရွာ၊ မန္တလေး အထပ် သားစက်ရုံတွေကို ၂၀၁၃-၂၀၁၄ မိုးတွင်းအထိ တင်ပို့ပေးနေဆဲဖြစ်ကြောင်းလည်း စုံစမ်းသိရှိရပါ တယ်။ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာဆိုလို့ရှိရင်လည်း မြင်တွေ့နေကြရတာပါ။ ရပ်တန့်သွား ခြင်းလည်း အခုထိမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ သစ်အပါးလွှာစက်ရုံတွေ၊ မုံရွာ၊ မန္တလေး စက်ရုံတွေမှာလည်း အနေအထားမပျက် ဆက်လက်လည်ပတ်နေဆဲပဲ ဖြစ်ကြပါတယ်။ ချင်းတွင်းဒေသ တစ်လျှောက်မှာဆိုရင်လည်း မှောင်ခိုသစ်တွေ ဖမ်းဆီးရမိတဲ့ အမှုကြီး၊ အမှုသေးပေါင်းများစွာလည်း ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။ လွှတ်တော် နဝမပုံမှန်အစည်းအဝေး(၂၁) ရက်မြောက်နေ့မှာ ကျွန်မ ထပ်မံပြီးတော့ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့တဲ့ အပြောင်ရှင်းစနစ်ဖြင့် ခုတ်ထွင်ခဲ့တဲ့သစ်တော တွေကို မည်သူတာဝန်ယူပြီးတော့ စိုက်ပျိုးပေးမလဲလို့ မေးခွန်းထုတ်တဲ့အခါမှာ လျှပ်စစ် ဒုတိယဝန်ကြီး ကနေ အပြောင်ရှင်းသစ်ထုတ်လုပ်ငန်းကို လောင်းမင်းစိုက်ပျိုးမြေဧက ၈၀၀၀၀ အတွက် သစ်တောကို ၂၀၀၅-၂၀၀၆ မှစတင်ခုတ်ခဲ့ပြီးတော့ ၂၀၁၂-၂၀၁၃ စီမံကိန်းရပ်ဆိုင်းချိန်မှာ ၇.၈၆ ရာခိုင်နှုန်းနဲ့ ထမံသီဆည်ရေဝပ်ဧရိယာ သစ်တောဧက ၃၀၀၄၈၅ ကနေ ၁၀.၆ ရာခိုင်နှုန်းပဲ ထုတ်လုပ်ခဲ့ပါကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောတောရေးရာဝန်ကြီးဌာန ဝန်ကြီးကိုယ်စား ဖြေကြားခဲ့တာကို ကျွန်မမှတ်သားလိုက်ရပါတယ်။ အဲ့ဒီအဖြေကို မျှော်လင့်စောင့်စားနေကြတဲ့ ချင်းတွင်းဒေသပြည်သူ အများစုဟာ လက်တွေ့မဆန်တဲ့မြေပြင်ရှိ ကွာခြားနေတဲ့ ကိန်းဂဏန်းတွေဖြစ်တဲ့အတွက်ကြောင့် မကျေနပ်ခဲ့ကြတဲ့အတွက် ကျွန်မဆီကို မေးခွန်းတွေ ထပ်မံပြီးတော့တက်လာပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါမေးခွန်းတွေရဲ့ အခြေအနေတွေကို ထပ်မံသိရှိလိုလို့ ဒေသခံပြည်သူတွေရဲ့ကိုယ်စား ကျွန်မမှ လွှတ်တော်ဥက္ကဋ္ဌကြီးကနေတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါတယ်ရှင်။ (က) ထမံသီရေဝပ်ဧရိယာနှင့် လောင်းမင်းစိုက်ပျိုးဧရိယာတို့မှ ယခုမြေပြင်ရှိ အမှန်သစ်တောလက်ကျန်ဧက၊ (ခ) ဟုမ္မလင်းမြို့နယ် သစ်အပါးလွှာစက်ရုံနှစ်ရုံ၊ မုံရွာနှင့် မန္တလေး အထပ်သားလွှာစက်ရုံတို့ကို နှစ်စဉ်၊ နှစ်အလိုက်ပေးပို့ နေရတဲ့ သစ်တန်ချိန်၊ (ဂ) ထမံသီစီမံကိန်းဆည်ရေဝပ်ဧရိယာ သစ်တောအပြောင်ရှင်းခြင်းကို ဆည် တည်ဆောက်ချိန်မှ ခုတ်ထွင်ပါက အချိန်မီပြီးစီးနိုင်ခြင်းရှိ/မရှိတို့ သိရှိလိုပါကြောင်း မေးမြန်းပါသည်။