(င)-တောင်သူလယ်သမားများအတွက် နှစ်ရှည်ချေးငွေများ ချေးနိုင်/မချေးနိုင်နှင့် အရစ်ကျပေးဆပ်ရာတွင် သီးနှံပေါ်ချိန်ကာလတွင် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
တောင်သူလယ်သမားများ လုပ်ငန်းခွင်အသုံးပြုနိုင်ရန် စိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးမှုနှင့်ပတ်သက်၍ တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထဝီအနေ အထားအရ နှစ်စဉ်နေမွန်းတည့်ခြင်း နှစ်ကြိမ်ရှိပါတယ်။ ဇွန်လ ၂၁ ရက်နဲ့ သြဂုတ်လ ၂၁ ရက်ဖြစ်ပါ တယ်။ ပထမမွန်းတည့်ချိန်၏ရှေ့တစ်လဖြစ်သော မေလ ၂၁ ရက်ဝန်းကျင်တွင် မုတ်သုံလေများ စတင်ဝင်ရောက်လာပါသဖြင့် မိုးရာသီဟုခေါ်၍ သီးနှံစိုက်ပျိုးမှုများ စတင်မှာ ဖြစ်ပါတယ်။ တစ်ဖန် ဒုတိယမွန်းတည့်ခြင်းရက်ရှေ့တစ်လအကြို ဇူလိုင်လ ၂၁ ရက်နေ့ဝန်းကျင်တွင် မုတ်သုံဝင်ရောက်လာ တဲ့လမ်းကြောင်းကို တနင်္သာရီကမ်းမြောင်နှင့် ရခိုင်ကမ်းရိုးတန်းတို့အပြောင်းအလဲဖြစ်ချိန်ဖြစ်ပါတယ်။ ထိုကာလမှာ ဝါဆိုမိုးရွာသွန်း၍ မိုးလယ်သီးနှံများ စိုက်ပျိုးကြပါတယ်။
ဒုတိယမွန်းတည့်ခြင်းရဲ့ နောက်တစ်လအကြာ စက်တင်ဘာလ ၂၁ ရက်ဝန်းကျင်ဟာ မြန်မာ နိုင်ငံမှ မုတ်သုံလေစတင်ထွက်ခွာ၍ မိုးနှောင်းရာသီတွင် သီးနှံအောင်မိုးရွာသွန်းပါတယ်။ ဆောင်း ရာသီ ဆောင်းသီးနှံများ စိုက်ပျိုးကြပါတယ်။ နှင်းကျချိန်ဖြစ်၍ နှင်းဖြင့်သီးနှံပင်များ ဖြစ်ကြပါတယ်။ တောင်သူများ အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြရတာကို သိသာပေါ် လွင်စေရန် မိုးရွာသွန်းချိန်များကို တင်ပြရခြင်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးဘဏ်အနေဖြင့် မေလဝန်းကျင် တွင် စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးပါတယ်။ ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလတွင် ထုတ်ချေးငွေများ ပြန်လည်သိမ်းယူပါတယ်။ အချိန်အားဖြင့် ခုနစ်လ၊ ရှစ်လကြာမျှချေးငှားပါတယ်။ အတိုးနှုန်းမှာ တစ်လလျှင် ဝ.၇၁ ရာခိုင်နှုန်းဖြစ်၍ အလွန်သက်သာလှပါတယ်။ မနေ့ကပြောပြချက် အရဆိုရင် ၄၂ ပြားနှုန်း အတိုးနှုန်းသာရှိတယ်ဆိုတဲ့အခါ အင်မတန် ကျွန်တော်တို့ ဝမ်းမြောက်မိပါ တယ်။ ဒါပေမယ့် သီးနှံအထွက်မကောင်းခြင်း သို့မဟုတ် ရောင်းလိုအားများပြီး ဝယ်လိုအားကျသော ကြောင့် အရှုံးပေါ်တဲ့နှစ်များဆိုလို့ရှိရင် တောင်သူများဟာ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်နိုင်ရန် အခက်အခဲရှိပါတယ်။ အဲ့တော့ ပြန်ဆပ်နိုင်တဲ့အခါမှာ အခက်အခဲရှိတဲ့အတွက် အပြင်ကနေပြီးတော့ ၁၀ ရာခိုင်နှုန်း၊ ၁၀ နှုန်း၊ တချို့ ၁၅ ကျပ်နှုန်း အတိုးနှုန်းဖြင့် ချေးဆပ်ခဲ့ရပါတယ်။ အဲ့ဒီလို အတိုးနှုန်း ကြီးစွာပေးပြီးတော့ ပြန်လည်ပေးဆပ်ရတဲ့အခါမှာ တောင်သူလယ်သမားများအနေနဲ့ ပိုမိုပြီးတော့ ဆင်းရဲကြပါတယ်။ ဒါ့ကြောင့်မို့လို့ တောင်သူများကို နှစ်တိုချေးငွေထုတ်ချေးခြင်းမပြုဘဲ နှစ်ရှည် ချေးငွေများ ထုတ်ချေး၍ အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးမည်ဆိုပါက တောင်သူလယ်သမားများ အတွက် ပိုမိုအဆင်ပြေလာနိုင်ဖွယ်ရာ ရှိပါတယ်။
ဒါ့ကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တောင်သူလယ်သမားများအတွက် မေးမြန်းလိုတဲ့အချက် သုံးချက်ရှိပါတယ်။ (၁)အချက်ကတော့ တောင်သူလယ်သမားများအတွက် နှစ်ရှည်ချေးငွေများချေးနိုင်/မချေးနိုင်၊ (၂)ကတော့ ပြန်ဆပ်ရာတွင် အရစ်ကျစနစ်ဖြင့် ဆပ်နိုင်/မဆပ် နိုင်၊ (၃)ကတော့ အရစ်ကျပေးဆပ်ရာမှာ သီးနှံပေါ်ချိန်ကာလတွင် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။