ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ အဓိကစီးပွားရေး လုပ်ငန်းကတော့ စိုက်ပျိုးရေးလုပ်ငန်းပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း နှစ်စဉ်မိုးရေချိန် လက်မ ၂၀၀ ကျော်ရွာတဲ့အတွက် ရေချိုစီးဆင်းတဲ့မြစ်ချောင်းများစွာ ရှိပါတယ်။ သို့ရာတွင် မြစ်ရေတင်စီမံ ကိန်းများမှာ ရခိုင်ပြည်နယ်အတွင်း လက်ချိုးရေတွက်ရရှိတဲ့အနေအထားဖြစ်တဲ့အတွက် အလွန် နည်းပါးနေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ သီးထွက်စိုက်ပျိုးရေးဧရိယာမှာလည်း စိုက်ပျိုးနိုင်တဲ့ဧကနဲ့နှိုင်းယှဉ် ပါက များစွာနည်းပါးနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ မြေအသုံးချမှုစာရင်းများအရ ရခိုင်ပြည်နယ် အတွင်းမှာ လယ်ဧက ၉၇၀၀၀၀ ကျော်၊ ယာဧက ၂၃၀၀၀၀ ကျော်နှင့် ကိုင်း/ကျွန်းဧက ၁၃၀၀၀ ကျော် ရှိပါတယ်။ မိုးစပါးဧက ဆယ်သိန်းကျော်စိုက်ပျိုးပြီးတော့မှ နွေစပါးကတော့ ၂၂၀၀၀ ကျော်ဧက စိုက်ပျိုးပါတယ်။ အဲ့ဒီထဲမှာ ဆည်ရေ ရေစုပ်စက်ဖြင့်တင်တဲ့ မြစ်ချောင်းရေတင် ချောင်းပိတ်ရေတင် ကိစ္စကတော့ ၂၂၀၀၀ လောက်ပဲ ရှိပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကျွန်တော်တို့ စပါးဖူလုံပိုလျှံ ပြီးတော့မှ နိုင်ငံခြားကိုလည်းပဲ တင်ပို့နိုင်တဲ့အနေအထားရှိပါတယ်။
ဒီလယ်ယာကဏ္ဍမှာ ပိုမိုထွက်ရှိလာမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဟာလည်း ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။ ဆီဖူလုံမှုကတော့ ၅၅.၈၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ရခိုင် ပြည်နယ်ဟာ မိုးများတဲ့နယ်မြေဖြစ်တဲ့အပြင် ရေချိုရရှိတဲ့မြစ်ချောင်းကြီးများလည်း များစွာရှိပါတယ်။ အဲ့ဒီချောင်းတွေကတော့ ပြူးမချောင်း၊ မေယုမြစ်၊ ကစ္စပနဒီမြစ်၊ လေးမြို့မြစ်၊ ဖုံသာချောင်း၊ ရိုးချောင်း၊ အမ်းချောင်း၊ ဒလက်ချောင်း၊ မအီချောင်း၊ သံတွဲချောင်းနှင့် ကျိန်တလီချောင်းတို့ ဖြစ်ပါတယ်။ ကောက်ယူထားတဲ့ စာရင်းဇယားများအရ ရခိုင်ပြည်နယ်မှာရှိတဲ့မြစ်ချောင်းကြီးများရဲ့ မြစ်ကမ်းဘေး မှာ ရေချိုရရှိနိုင်တဲ့လယ်မြေများ အများအပြားရှိပါတယ်။
မြစ်ကမ်းဘေး တစ်မိုင်အတွင်းမှာ ကျွန်တော်တို့ ရှိတဲ့လယ်မြေကတော့ ဧက ၃၉၀၀၀ ကျော်ရှိ ပါတယ်။ မြစ်ကမ်းဘေး နှစ်မိုင်အတွင်းမှာရှိတဲ့ လယ်ဧက ကတော့ ၆၉၀၀၀ ကျော်လောက်ရှိပါတယ်။ မြစ်ကမ်းဘေးကနေမှ ချောင်းကမ်းဘေးကနေမှ သုံးမိုင်အတွင်းမှာရှိတဲ့ ဧက ကတော့ ကျွန်တော်တို့ ၁၂၀၀၀၀ ကျော်လောက်ရှိပါတယ်။ စုစုပေါင်းမယ်ဆိုလို့ရှိရင် မြစ်ကမ်းဘေးကနေမှ ရေချိုရရှိနိုင်တဲ့ ချောင်းမြောင်းရဲ့ မြစ်ကမ်းဘေးမှာ လယ်ဧကစုစုပေါင်း ၂၀၀၀၀၀ ကျော်ဟာ ရေတင်စိုက်ပျိုးလို့ရတဲ့ အနေအထား သုံးမိုင်လောက်ပဲဝေးပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ နွေစပါးစိုက်ပျိုးနိုင် တဲ့ မြစ်ရေတင်စီမံကိန်းဟာ ဧက ၂၀၀၀၀ ကျော်ပဲရှိတဲ့အတွက် များစွာကွာဟနေပါတယ်။
ရေချိုစီးဆင်းတဲ့မြစ်ချောင်းများအနီးမှာရှိတဲ့ လယ်/ယာမြေများအပါအဝင် ရခိုင်ပြည်နယ်မှာရှိ တဲ့လယ်သမားအများစုဟာ တစ်နှစ်မှာ မိုးသီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးနိုင်တဲ့အတွက် တောင်သူ အများစုဟာ ဆင်းရဲနေရခြင်း ဖြစ်ပါတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာလည်းပဲ မကြာမီ လျှပ်စစ် ဓာတ်အားရရှိတော့မည်ဖြစ်ရာ မြစ်ရေတင်စီမံကိန်းများ စီစဉ်ဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင် သီးထွက်စွမ်းအား စိုက်စွမ်းအားများ တိုးတက်လာမှာဖြစ်ပြီးတော့မှ တောင်သူများ ဝင်ငွေတိုးတက်ပြီး တော့မှ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအတွက် အဓိကအထောက်အကူပြုမယ့်လုပ်ငန်းလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မြစ်ရေတင်စီမံကိန်းလုပ်ငန်းများမှာ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိကြောင်း သိရပေမယ့် လုပ်ဆောင်မယ့်စီမံချက်များကို အသေးစိတ် တိကျစွာ မသိရတဲ့အတွက် ပြည်သူများအနေနဲ့ မြစ်ရေတင်စီမံကိန်းများနှင့်ပတ်သက်ပြီးတော့မှ အထူး သိလိုကြပါတယ်။ စိတ်လည်းစိတ်ဝင်စားကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ သီးထပ်စိုက်စွမ်းအားမြင့်မားလာစေရေး၊ တောင်သူလယ်သမား များရဲ့ ဆင်းရဲမှုလျှော့ချရေး၊ ဝင်ငွေပိုမိုတိုးတက်ရေးတို့အတွက် မြစ်ရေတင်စီမံကိန်းများ တည်ဆောက် ရန် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နှစ်အလိုက်စီမံချက်များရေးဆွဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ နှစ် အလိုက်စီမံချက်များရေးဆွဲထားပါက ယင်းစီမံချက်ပါ မြစ်ရေတင်စီမံကိန်းများအား အသေးစိတ် ရှင်းလင်းဖြေကြားပေးပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းပါသည်။