(ဇ)-စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆင်တပ်မြစ်ရေတင်စီမံကိန်းမှ သတ်မှတ်ဧကပေါင်း ၆၅၀၀ ကို ရေပေးဝေ နိုင်ရန်နှင့် စီမံကိန်းအောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

 ဒီမေးခွန်းပေါ်ပေါက်ခဲ့ရတာကတော့ နဝမအကြိမ်မှာ ကျွန်တော် လွှတ်တော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ နဝမအကြိမ် လွှတ်တော်နားတဲ့အချိန်မှာ စစ်ကိုင်းရောက်တဲ့အခါမှာ ဆင်တပ် မြစ်ရေတင်စီမံကိန်းရှင်းလင်းဆောင်မှာ ကျွန်တော်တို့ ခရိုင်ရေအရင်းအမြစ်အရာရှိ၊ စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ်အရာရှိနှင့်တကွ ဒီမေးခွန်းကိုတင်ပြခဲ့ကြတဲ့ လယ်သမား ၃၀ ဦးခန့်ကို ဖိတ်ကြားပြီးတော့မှ ရှင်းလင်းခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီမေးခွန်းဟာ အပြုသဘောဆောင်ပေးခြင်း ပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီဆင်တပ်မြစ်ရေတင်စီမံကိန်းဟာ မအောင်မြင်ဘူးလို့ သုံးသပ် ရရှိတဲ့အတွက် ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်ဆက်လက်တင်ပြပါ့မယ်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆင်တပ်မြစ်ရေတင် စီမံကိန်းဟာ ဆင်တပ်ကျေးရွာမှာအစပြုပြီး တိမ်နဲ့တိုက်နယ် တိမ်နဲ့ကျေးရွာနယ်အဆုံးထိ ပေပေါင်း ၆၀၀၇၂၀ ပေအရှည် ၁၁ မိုင် ၅ ဖာလုံရှည်ပြီး မြောင်းအနံ ဗျပ်အကျယ်မှာ ပေ ၂၀၀ ခန့်ရှိပါတယ်။ မူလလျာထားတဲ့ မြစ်ရေတင်စီမံကိန်း ရေသောက်ဧကများဟာ ကျောက်ဆည်ကျေးရွာကွင်းမှာ ၁၆၅၈ ဧက၊ တစ်အိမ်တည်းကွင်းမှာ ၁၁၃၆ ဧက၊ ပဲကထိုးကွင်းမှာ ၄၅၈ ဧက၊ ညောင်ပင်သင်ကွင်းမှာ ၇၃၅ ဧက၊ ဗြဲလျော်ကွင်းမှာ ၃၃၆ ဧက၊ ဆင်တပ်ကွင်းမှာ ၂၁၂၀ ဧက စုစုပေါင်း ၆၅၀၀ ဧက ရေပေးဝေရန် လျာထားခဲ့ပါတယ်။ အဲ့လိုလျာထားခဲ့သော်လည်းပဲ အမှန်တကယ်ရေပေးဝေနိုင်တာကတော့ ဧက ၂၀၀ ခန့်သာ ပေးဝေနိုင်ခဲ့တဲ့အနေအထားရှိတယ်လို့သိရပါတယ်။ မြောင်းမကြီးတည်ဆောက်ခဲ့တဲ့အတွက် အသုံးပြုခဲ့ရတဲ့ တောင်သူများရဲ့ မြေဧရိယာမှာ ၂၇၈ ဧကခန့်ရှိပြီး လက်တံခွဲမြောင်းငယ်လေး များတည်ဆောက်ရာမှာ အသုံးပြုခဲ့ရတဲ့ ဧရိယာနဲ့ပါဆိုလို့ရှိရင် တောင်သူအများဆုံးရှုံးတဲ့ မြေဧက ပေါင်း ၄၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

မူလရည်ရွယ်တဲ့စီမံကိန်းမှာ ဧက ၆၅၀၀ ရေရရှိရန် ဆောင်ရွက်ခဲ့သော်လည်း ဧက ၂၀၀ ခန့် မြောင်းလက်တံရင်း၌သာ ရေပေးဝေနိုင်ခဲ့သည့်အတွက် စီမံကိန်းအောင်မြင်ခြင်းမရှိဟု သုံးသပ်မိပါ တယ်။ ရေလွှတ်တဲ့အခါတိုင်းလည်း မြောင်းပေါင်များမှာ ပျက်ကျကုန်ပြီး မိမိတို့လယ်များသို့ ရေ ရောက်ရှိမလာပါကြောင်း၊ ရေလွှတ်မှာဖြစ်သည့်အတွက် လယ်များကိုထွန်ရေးအသစ်ပြင်ထားပါဟု ညွှန်ကြားသဖြင့် လယ်သမားများမှ စက်များငှားရမ်းပြီး ထွန်ရေးပြင်ခဲ့ကြသော်လည်း ရေရောက်မလာ ဘဲ ပိုက်ဆံကုန်သည်သာ အဖတ်တင်ခဲ့ကြပါကြောင်း၊ မိမိတို့လယ်များသို့ ရေများမရောက်လာပါသော် လည်း မြောင်းပေါင်တည်ဆောက်၍ မြေများပေးလိုက်ရခြင်း၊ မြောင်းပေါင်ပေါ်တွင် မိမိတို့ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကျောင်းမိ၍ ဒဏ်ရိုက်ခံရခြင်း၊ မြောင်းကူးတံတားများတည်ဆောက်ထားခြင်းမှာ ကောင်းမွန် ခြင်း၊ အရည်အသွေးပြည့်မီခြင်းမရှိ၍ နွားများခြေကျိုးကာ ဆုံးရှုံးခြင်းများရှိနေပါကြောင်း၊ တောင်သူ များမှ  ကျွန်တော့်ထံတင်ပြလာ၍ သွားရောက်ကြည့်ရှုရာ မြောင်းပေါင်များမှာ ဆိုးရွားစွာပျက်စီးနေပြီး အချို့သော မြောင်းပေါင်အတွင်း မြေထိန်းနံရံများမှာလည်းပဲ ရေတစ်ခါမှ မလာဘူးပါဘဲနဲ့ ပျက်စီးနေ သည်များကို တွေ့ရှိခဲ့ရပါသည်။

သို့ပါ၍ အောက်ပါမေးခွန်းများကိုမေးမြန်းအပ်ပါတယ်။ (၁) ဆင်တပ်မြစ်ရေတင်စီမံကိန်း တည်ဆောက်စဉ်က နိုင်ငံတော်ဘဏ္ဍာငွေ မည်မျှကုန်ကျခဲ့သည်ကို သိရှိလိုပါသည်။ (၂) ဆင်တပ် မြစ်ရေတင်စီမံကိန်းအား သတ်မှတ်ဧရိယာဧကပေါင်း ၆၅၀၀ ကို အမှန်တကယ် ရေပေးဝေနိုင်ရန်နှင့် စီမံကိန်းအောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါတယ်။ မေးခွန်း(၃) စီမံကိန်းအမှန်တကယ်အောင်မြင်အောင် မဆောင်ရွက်နိုင်ပါက ရေမရောက်သော မြောင်းပေါင်များ အား ဖျက်သိမ်းပြီး မြေများကိုပြုပြင်၍ ဆုံးရှုံးနစ်နာခဲ့ရသော တောင်သူများအား သနားငဲ့ညှာသော အားဖြင့် ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာဖြင့် မေးမြန်းပါသည်။