(ခ)-MRTV-4 ရုပ်သံလိုင်းအား နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ Free to Air ထုတ်လွင့် ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံရှိပါတယ်။ ဒါ့အပြင် ကိုယ့်အားကိုယ်ကိုး မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်လည်းရှိပြီးတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းတွေ ကပဲ တာဝန်ယူပြီးတော့ ရုပ်သံဖမ်းလွှင့်လုပ်ငန်းကို ဆောင်ရွက်ပေးနေပါတယ်။ အလားတူ ပဉ္စဝတီ FM, MRTV-4, 5 Network ရုပ်သံတို့ကိုလည်း ထုတ်လွှင့်ပေးနေပါတယ်။ အဆိုပါထုတ်လွှင့်စက်တွေ ကတော့ သံတွဲမြို့ရဲ့ အမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ရွှေနံတော်ဘုရားတောင်ကုန်းမှာ စက်များတပ်ဆင် ပြီးတော့ တစ်စုတစ်စည်းတည်း၊ တစ်နေရာတည်းမှာ ထုတ်လွှင့်ပေးနေပါတယ်။ ထုတ်လွှင့်ပေးတာမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြဝတီရုပ်သံတို့က နေ့စဉ် ညနေ ၆ နာရီမှ ညအစီအစဉ်ပြီးဆုံးတဲ့ အထိ၊  ပဉ္စဝတီ FM မှာ နံနက် ၆ နာရီက ည ၁၀ နာရီအထိ၊  MRTV-4 ရုပ်သံ၊ 5 Network က နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ မိမိကိုယ်ပိုင် လျှပ်စစ်ဓာတ်အားပေးစက်များနှင့် လည်ပတ်ကြပါတယ်။ ကုန်ကျတဲ့လောင်စာဆီတွေကတော့ တစ်လကိုဆိုရင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဂါလန် ၆၀၊ မြဝတီရုပ်သံက ၂၅ ဂါလန်၊ ပဉ္စဝတီ FM နှင့်  MRTV-4 ရုပ်သံကတော့ ကုမ္ပဏီတစ်ခုတည်းဖြစ်တဲ့ အတွက်ကြောင့် ဂါလန် ၂၀၀၊ စုစုပေါင်း ၂၈၅ ဂါလန်လောက် ကုန်ကျပါတယ်။ အခုအခါ သံတွဲမြို့မှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးရေးကုမ္ပဏီတစ်ခုက အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပြီးတော့ ၂၀၁၁ ခုနှစ်၊ မေလဆန်းကပဲ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးလျက် ရှိနေပါတယ်။ အဲဒီလျှပ်စစ်ဓာတ်အားကို ရယူပြီး ရင် ရုပ်သံလွှင့်လုပ်ငန်းများကို လွှင့်မယ်ဆိုရင် လောင်စာဆီကို သုံးစွဲဖို့ မလိုအပ်တော့ပါဘူး။ ဒါ့အပြင် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစပြီး အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရခိုင်ပြည်နယ် တောင်ပိုင်းကို ဥသျှစ်ပင်-တောင်ကုတ် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် တောင်ကုတ်-သံတွဲ-သူဌေးရေအားလျှပ်စစ်စီမံကိန်းတို့မှာ ဓာတ်အားခွဲရုံတည်ဆောက်ဖို့အတွက် လုပ်ငန်းများကို အစပြု လျက်ရှိနေပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အကုန်လောက်မှာ သံတွဲမြို့မှာ မဟာဓာတ်အား လိုင်းမှ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် အခုကပဲ ကြိုတင်ပြီးတော့ မြန်မာ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဖြန့်ချီတဲ့လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲပြီးတော့ ရုပ်သံလွှင့် ခြင်းလုပ်ငန်းများကို နေပြည်တော်မှာလွှင့်နေတဲ့ ပုံမှန်အချိန်အတိုင်း နံနက်ပိုင်းက စတင်ပြီးတော့ စနေ၊ တနင်္ဂနွေ နေ့လယ်ပိုင်းများအပါအဝင် ထုတ်လွှင့်ပေးဖို့အတွက် ဒေသခံမိဘပြည်သူတွေက လိုလား တောင့်တလျက်ရှိပါတယ်။ ဒါကြောင့် သံတွဲမြို့မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်ခြင်းနှင့် မြဝတီရုပ်သံထပ်ဆင့်လွှင့်ခြင်းတို့ကို ပုံမှန်ထုတ်လွှင့်ချိန်အတိုင်း နံနက်မှစတင်ပြီးတော့ စနေ၊ တနင်္ဂနွေ နေ့လယ်အပါအဝင် နေ့စဉ်ထုတ်လွှင့်ပေးနိုင်ပါမည်လား။ နောက်တစ်ခုက MRTV-4 ရုပ်သံတစ်လိုင်း တည်းကိုပဲ နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ သံတွဲမြို့မှာ Free to Air ထုတ်လွှင့်ပေးနိုင်ပါမည်လား မေးမြန်းအပ်ပါသည်။