(ဃ)-အစိုးရသတင်းစာများ၊ Internet Website တို့မှ လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဝေဖန် တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့်မေးခွန်း
အစိုးရသတင်းစာများ၊ Internet Website တို့မှ လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက်နေမှုများနှင့် ဆက်စပ်နေသည့်မေးခွန်းများ မေးမှာဖြစ်ပါ တယ်ခင်ဗျား။ ယခုအခါတွင် လွှတ်တော်အသီးသီး၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များအား ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု အခြေခံဥပဒေခုံရုံးက သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များအပေါ် အစိုးရသတင်းစာများ၊ Internet Website တို့မှနေ၍ လွှတ်တော်ကိုယ်စားလှယ်များအပေါ်ဝေဖန်တိုက်ခိုက်နေသည်ကို တွေ့ရှိနေရပါ သည်။ အဆိုပါတိုက်ခိုက်မှုများသည် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူလူထုက အထင် အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များဘက်မှ ထိရောက်သော တန်ပြန်ဖြေရှင်းမှုများ ဆောင်ရွက်ပြုလုပ်ခြင်းကို မတွေ့ရှိရသေးပါ။ လွှတ်တော်ကိုယ်စားလှယ်များ၏ တန်ပြန်ဆောင်ရွက်မှုများကို အစိုးရသတင်းစာများ တွင် ဖော်ပြမှုများကိုလည်း မတွေ့ရှိရသေးပါ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်နေမှုများအပေါ် ပြည်သူတွေ၏အမြင်ကြည်လင်ရှင်းလင်းရန် လိုအပ်ပါကြောင်း၊ လွှတ်တော် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များအား ပြည်ထောင်စုအဆင့် သတ်မှတ်လိုခြင်းသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုဝန်ကြီးအဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များကို ရယူလိုသောကြောင့်ဖြစ်သည်ဟု ပြောဆိုနေကြ ပါသည်။ ထို့အတွက်ကြောင့် ပထမမေးမြန်းလိုသော မေးခွန်းမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် ပြည်ထောင်စုဝန်ကြီးအဆင့် ခံစားခွင့်၊ ရပိုင်ခွင့်များတောင်းခံခဲ့ခြင်းရှိ၊မရှိ သိရှိလို ပါသည်။ မရှိပါက မရှိကြောင်း တုံ့ပြန်ဖြေရှင်းပေးစေလိုပါသည်ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က)အရ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဥပဒေ ပြုရေးအဖွဲ့အစည်း အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းပြုရန် ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စုလွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များကို အဆိုပါ အပြန်အလှန် ထိန်းကျောင်း ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စား ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဒုတိယမေးခွန်းအဖြစ်မေးမြန်းလိုသည်မှာ ပြည်ထောင်စု လွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များသည် ဝန်ကြီးဌာနလုပ်ငန်းများကို ဝင်ရောက်စွက်ဖက် သကဲ့သို့ ဆောင်ရွက်နေခြင်းရှိ၊မရှိ သိရှိလိုပါသည်။ ဆောင်ရွက်နေခြင်းမရှိပါက မည်ကဲ့သို့ဆောင်ရွက် လျက်ရှိနေကြောင်းကို ရှင်းလင်းစွာသိရှိလိုပါသည်။
တတိယမေးခွန်းအဖြစ်မေးမြန်းလိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ သန်း ၆၀ အတွက် ကိုယ်စားပြုထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ယခုအချိန်အခါတွင် လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကျဆင်းအောင် နည်းမျိုးစုံဖြင့်တိုက်ခိုက်နေခြင်းသည် ပြည်သူလူထု ကိုစော်ကားတိုက်ခိုက်နေခြင်းွဖစ်ကြောင်း သိရှိပါသလား။ သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်နေမှုများအပေါ် လွှတ်တော်က မည်ကဲ့သို့ သဘောထားသည်ကို သိရှိလိုပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် တည်ဆောက်နေသည့်ကာလ ဖြစ်ပါသည်။ ထိုသို့ တည်ဆောက်နေသည့်အခါ ဒီမိုကရေစီကျင့်စြဉ်ဖင့် မှန်ကန်စွာ အကောင်အထည် ဖော်တည်ဆောက်သွားရန် လိုအပ်ပါသည်။ အမှန်တကယ် တည်ဆောက်မည်ဆိုပါက လွှတ်တော်များ၏ ကဏ္ဍကို ပီပြင်စွာဆောင်ရွက်နိုင်ပါမှ ဒီမိုကရေစီစနစ်ပီပြင်စွာ ဖြစ်ထွန်းမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကမည်ကဲ့သို့ သဘောထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။