(ခ)-ဗဟိုဝန်ထမ်း တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရန် သို့မဟုတ် ဖျက်သိမ်းရန် နှင့် စပ်လျဉ်းသည့်မေးခွန်း
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ကို ယခင်လမ်းစဉ်ပါတီအစိုးရ လက်ထက်ကစပြီးတော့ ဖွင့်လှစ်ထားရှိခဲ့ တာဟာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာလည်း ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)ကို ဖွင့်လှစ်ထားရှိပါတယ်။ ဒီဝန်ထမ်းတက္ကသိုလ်များမှာဆိုလို့ရှိရင် လေးလခွဲ ကာလအချိန်ယူပြီးတော့ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးလျက် ရှိပါတယ်။ နိုင်ငံတော်က ဒီဗဟို ဝန်ထမ်း တက္ကသိုလ်များနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က ကျခံရတဲ့ ကုန်ကျစရိတ်များ၊ ဝန်ထမ်းများ ပေးဆပ်ရသော အချိန်ကာလများနှင့် နှိုင်းယှဉ်လို့ရှိရင် ထိရောက်အောင်မြင်မှုများ၊ ရလဒ်ကောင်းများ ရရှိမှုမှာ အလွန်နည်းပါးတာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ၎င်းဗဟိုဝန်ထမ်း တက္ကသိုလ်များဟာ လက်ရှိ နိုင်ငံတော်ရဲ့ အွခေအနေများနဲ့ ကိုက်ညီခြင်းမရှိပါသဖြင့် ပြုပြင်ပြောင်းလဲရန် သို့မဟုတ် ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။