(ဆ)-ရခိုင်ပြည်နယ်အစိုးရ၏ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် အသုံးပြု ခွင့်ပေးထားသောမြေ (၂၀၂.၂၀)ဧကနှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ ခုနှစ်မိုင် လောက်ဝေးကွာပြီးတော့ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမဘေးမှာတည်ရှိတဲ့ အုန်းတောကျေးရွာအုပ်စု မှာ ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ဖို့ဆိုပြီးတော့ မြေဧက ၂၀၂.၂၀ ဧက သိမ်းဆည်းခံရတဲ့ကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းအချို့ကို မေးမြန်းလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ် အုန်းတောကျေးရွာအုပ်စု ပြိုင်းစေ့ကေတောကွင်း ကွင်းအမှတ်(၄၆၆)မှာရှိတဲ့ မြေလွတ်၊ မြေရိုင်း၊ ၂၀၂.၂၀ ဧကကို ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန်အတွက် အသုံးပြုရန်ခွင့်ပြုကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၁၉-၉-၂၀၁၃ နေ့စွဲပါစာအမှတ်၊ ၀၃/၅-၁/အဖရ ရခိုင် ဖြင့် ခွင့်ပြုခဲ့ပါတယ်။ အဲ့လိုခွင့်ပြုတဲ့ခွင့်ပြုချက်ကို မကျေနပ်ကြောင်း ဖော်ပြပါမြေများကို ပြေစာမဲ့၊ ပြေစာရှိ လက်ရှိ၊ လက်ငုတ်လုပ်ကိုင်နေကြတဲ့ အုန်းတောကျေးရွာ၊ ဝတ်ဆံကျေးရွာ၊ ပြိုင်းစေ့ကေကျေးရွာက တောင်သူ လယ်သမား ၁၃၃ ဦးက ၁၈-၁၁-၂၀၁၃ နေ့ရက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံကို လတ်မှတ်ရေးထိုး ကန့်ကွက်တိုင်ကြားခဲ့ကြပါတယ်။ ကန့်ကွက်စာမိတ္တူများကို ပြည်ထောင်စုဝန်ကြီးဌာနများအပါအဝင် ပုဂ္ဂိုလ်အဖွဲ့အစည်း ၂၃ ဦးထံသို့ ပေးပို့ခဲ့ပါတယ်။ ကျွန်တော့်ဆီကိုလည်း မိတ္တူတစ်စောင်ပေးပို့လို့ လက်ခံရရှိခဲ့ပါတယ်။ အထက်ဖော်ပြပါမြေကွက်ကို ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် သိမ်းယူ ခြင်းကြောင့် မိမိတို့နစ်နာဆုံးရှုံးလျက်ရှိကြောင်း အကူအညီပေးရန်ဆိုပြီးတော့ ကျွန်တော့်ဆီကို ၃၀-၁၁-၂၀၁၃ ရက်နေ့မှာ အထက်ဖော်ပြပါလယ်သမား ၁၃၃ ဦးတို့က အကူအညီတောင်းတဲ့စာလာပို့ကြပါ တယ်။ ရဲတပ်ရင်းအမှတ်(၃၂)တည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကခွင့်ပြုထားတဲ့ ဒီမြေနေရာ ကို ကျွန်တော်ကိုယ်တိုင် ၄-၁၂-၂၀၁၃ ရက်နေ့က သွားရောက်ပြီးတော့ ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ ရဲတပ်ရင်းအမှတ်(၃၂)တည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုထားတဲ့မြေနေရာမှာ ရောက်ရှိနေကြတဲ့ဒေသခံတောင်သူလယ်သမားတွေ၊ အုန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးပါ တွေ့ဆုံ စကားပြောခွင့်လည်းရခဲ့ပါတယ်။ ဒီနေရာမှာ မြေကြီးရှင်းလင်းလုပ်ကိုင်ခွင့်တင်ဒါရထားတဲ့ ကုမ္ပဏီ လုပ်သားတွေကိုလည်း တွေ့ခဲ့ကြရပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖော်ပြပါမြေ ၂၀၂.၂၀ ဧက မြေသည် မြေလွတ်၊ မြေရိုင်းလို့ ဖော်ပြထားသော်လည်း လက်ရှိဖြစ်ရပ်အမှန်မှာတော့ ဒီမြေတွေဟာ မြေလွတ်၊ မြေရိုင်းမဟုတ်ကြပါဘူး။ လယ်မြေတွေနဲ့ ဒီလယ်မြေများကို လုပ်ကိုင်နေကြတဲ့လယ်သမား တွေကိုယ်တိုင် တစ်နည်းမဟုတ်တစ်နည်း လက်ရှိအသုံးပြုနေတဲ့မြေတွေဖြစ်တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင်တွေ့ရှိခဲ့ရပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၁၉-၉-၂၀၁၃ နေ့စွဲပါ စာအမှတ်၊ ၀၃/၅-၁/အဖရ ရခိုင် ဖြင့် မြေသုံးစွဲခွင့်ပြုတဲ့စာပိုဒ်ရဲ့ အပိုဒ် ၁ ပါ ခမရ (၅၄၃) တပ်ရင်းက ရော်ဘာစိုက်ပျိုး ရန်မြေဧက ၂၀ ဆိုတာလည်း အမှန်တကယ်တော့ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိပါဘူး။ မူလလက်ရှိ တောင်သူလယ်သမားတွေကပဲ မူလအတိုင်းလက်ရှိအသုံးပြုနေကြတဲ့ မြေတွေဖြစ်တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်တွေ့ရှိခဲ့ရပါတယ်။ ဒေသခံတောင်သူလယ်သမားတွေရဲ့တင်ပြချက်အရ အဲ့ဒီလယ် မြေတွေကိုသိမ်းယူဖို့အတွက် မည်သည့်အဖွဲ့အစည်းကမှလာရောက်ပြီး အသိပေးခြင်း၊ ပြောကြားဖူး ခြင်းမရှိကြောင်း ကုမ္ပဏီတွေက မိမိတို့ရဲ့လယ်မြေတွေကို အတင်းဝင်ရောက်ပြီးတော့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းတဲ့အခါမှသာ မိမိတို့မြေတွေကို မတရားသိမ်းဆည်းခံရကြောင်း သိရပါတယ်လို့ ကျွန်တော်ကို ပြောပြလို့သိရှိခဲ့ရပါတယ်။ အဲ့ဒီမြေ ၂၀၂.၂၀ မြေဟာ ဒိုးတန်းတောင်၊ ခေါင်းဆိပ်တောင်၊ ငတုန်းချောင်၊ နဂါးတောင် စတဲ့တောင်ကုန်းမြေများနဲ့ ဒီတောင်ကုန်းများအတွင်း လယ်မြေများဖြစ် ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကန့်ကွက်လျှောက်ထားကြသူများတင်ပြသကဲ့သို့ လက်ရှိအသုံးပြုနေကြ တဲ့မြေများဖြစ်တဲ့အတွက်ကြောင့် မြေလွတ်၊ မြေရိုင်းလို့ သတ်မှတ်သိမ်းယူခြင်းမျိုးမပြုလုပ်သင့်ပါဘူး။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့နယ်ဟာဆိုလို့ရှိရင် ရမ်းဗြဲကျွန်းမကြီးပေါ်မှာ မြေဧရိယာတစ် ဝက်လောက်ပဲရှိပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ အရှေ့ဘက်ကျွန်းတန်းမှာရှိပါတယ်။ အခုအခါမှာ ကျောက်ဖြူမြို့နယ်မှာ ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ရေတပ် တပ်ရင်းတပ်ဖွဲ့များ၊ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃) စတဲ့ ကြည်းတပ် တပ်ရင်းတပ်ဖွဲ့များတည်ဆောက်ထားခြင်း၊ သဘာဝဓာတ် ငွေ့သန့်စင်စက်ရုံတည်ဆောက်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းများ တည်ဆောက်ခြင်း၊ ရေနံတင်ဆိပ်ကမ်းတည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း စသည့်လုပ်ငန်း တွေအတွက် မြေဧက ထောင်ချီပြီးတော့ သိမ်းယူအသုံးပြုနေကြပါတယ်။ တစ်ဖက်မှာ လယ်ယာမြေ တွေနဲ့ အခြားမြေတွေကိုလုပ်ငန်းအမျိုးမျိုးအတွက် သိမ်းဆည်းခံရနေပေမယ့်လည်း အခြားတစ်ဖက်မှာ လယ်ယာမြေဖော်ထုတ်ပေးခြင်းမရှိပါဘူး။ သို့သော်လည်း ကျောက်ဖြူမြို့ရဲ့လူဦးရေဟာ နှစ်စဉ်တိုးပွား လျက်ရှိတယ်။ တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ မြေယာများသိမ်းယူခွင့်ပြုတဲ့အခါ ဒီအခြေအနေတွေ ကို အထူးအလေးထားရန် လိုအပ်ပါကြောင်းလည်း တင်ပြလိုပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိအခြေအနေမှာ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမကြီးပေါ်မှာ ကျောက်ဖြူမြို့က မိုင် ၄၀ ကျော်လောက်ဝေးတဲ့ ရမ်းဗြဲမြို့နယ် ပိန္နဲတောင်မှာ တပ်မတော်(ရေ)က ရော်ဘာစိုက်ခင်းတစ်ခုရှိပါတယ်။ ဒီရော်ဘာစိုက်ခင်းကတော့ အင်ဂျင်နီယာ ဦးမောင်တင် ဆီကသိမ်း ထားတဲ့ ရော်ဘာစိုက်ခင်းလို့ သိရပါတယ်။ ရဲတပ်ရင်းအမှတ်(၃၂)ကို အဲ့ဒီနေရာမှာနေရာချထားပေး မယ်ဆိုလို့ရှိရင် ကျောက်ဖြူ-ရန်ကုန်ကားလမ်းမကြီးရဲ့ ကျွန်းကမ်းနယ်မြေလုံခြုံရေးကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ကျောက်ဖြူမြို့မှာ ရှေးအကျဆုံးနဲ့ စစ်သည်အင်အား ၇၀၀ လောက် တာဝန်ထမ်းဆောင်နေကြတဲ့ ခလရ (၃၄) တပ်ရင်း အခုအချိန်ထိ ကျောက်ဖြူမြို့မှာရှိပါ တယ်။ ခလရ (၃၄) တပ်ရင်းအတွက် သိမ်းယူထားတဲ့မြေဟာ ကျွန်တော်သိရသလောက် မြေဧက ၄၀ ကျော်လောက်ပဲရှိပါတယ်။ အသစ်ဖြစ်တဲ့ ခမရ (၅၄၂)၊ ခမရ (၅၄၃) တပ်ရင်းတွေမှာ စစ်သည် အင်အား ကျွန်တော်သိရသလောက်၊ ကြားသိရသလောက် ၂၀၀ ကျော်ခန့်ပဲရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီတပ်ရင်းတွေအတွက် မြေဧက ၂၀၀ ကျော် သိမ်းယူထားတဲ့ကိစ္စတွေကို တွေ့ရပါတယ်။ ရဲတပ်ရင်းအမှတ် (၃၂)အတွက် သိမ်းယူခွင့်ပြုထားတဲ့မြေ ၂၀၂.၂၀ ဧကဟာ အမှန်တကယ်လိုအပ်တဲ့ မြေတွေထက်ပိုတယ်လို့ ကျွန်တော်က သဘောရရှိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့နယ်မှာ အခုအခါမှာ အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ မြေယာအများအပြားလည်း သိမ်းယူအသုံးကြဦးမှာဖြစ်ပါတယ်။ ဒီလိုမြေ ယာအများအပြားသိမ်းယူပြီးတော့ အထူးစီးပွားရေးဇုန်တည်ဆောက်နိုင်ပါမှလည်း ဒေသဖွံ့ဖြိုးတိုး တက်လာမှာဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးဟာ တစ်နိုင်ငံလုံးမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အဖက်ဖက်မှ အနိမ့်ကျဆုံးအဖက်မှာရှိနေပါတယ်။ ကျောက်ဖြူမြို့နယ် မှာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ မြို့နယ်၊ ခရိုင် ရဲတပ်ဖွဲ့များဖြင့် ရေကြောင်းရဲတပ်ဖွဲ့လည်း ထပ်မံ ထားရှိဦးမှာဖြစ်ပါတယ်။ ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ရေတပ်ရင်းတပ်ဖွဲ့ များ ခလရအပါအဝင် ခမရ (၅၄၂)၊ ခမရ (၅၄၃) စတဲ့ ကြည်းတပ် တပ်ရင်းတပ်ဖွဲ့များရှိတဲ့အတွက် ကြောင့် လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေမပေါ်ပေါက်နိုင်ပါဘူး။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အထူးစီးပွားရေးဇုန်ထူထောင်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမယ့်ဒေသ ဖြစ်ပါတယ်။ ဒါ့ကြောင့် အောက်ပါမေးခွန်းအချို့ကို မေးမြန်းလိုပါတယ်။ မေးခွန်းများကတော့-
နံပါတ်(၁) ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၉-၉-၂၀၁၃ နေ့စွဲပါစာအမှတ်၊ ၀၃/၅-၁/အဖရ ရခိုင် ဖြင့် ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် အသုံးပြုခွင့်ပေးထားသည့်မြေ ၂၀၂.၂၀ ဧကသည် အမှန်တကယ်မြေပြင်၌ မြေလွတ်၊ မြေရိုင်းဟုတ်မဟုတ်ကို ကန့်ကွက်လျှောက်ထားကြသူ လယ်သမား ၁၃၃ ဦး နားလည်သဘောပေါက်အောင် ပွင့်လင်းမြင်သာသည့်နည်းဖြင့် ရှင်းလင်းပေးနိုင်ပါမည်လား။ မေးခွန်းနံပါတ်(၂) ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၉-၉-၂၀၁၃ ရက်စွဲပါစာဖြင့် ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် အသုံးပြုခွင့်ပေးထားသည့်မြေ ၂၀၂.၂၀ ဧကသည် မြေလွတ်၊ မြေရိုင်းအဖြစ် သိမ်းယူ မည်ဆိုပါက တည်ဆဲဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများ နှင့်အညီဖြစ်တယ်လို့ ပွင့်လင်းမြင်သာသည့်နည်းလမ်းများဖြင့် ကန့်ကွက်လျောက်ထားကြသူ လယ်သမား ၁၃၃ ဦးကို ရှင်းလင်းပေးနိုင်ပါမည်လား။ မေးခွန်းနံပါတ်(၃) ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရဲတပ်ရင်းအမှတ်(၃၂) တည်ဆောက်ရန် ယခုခွင့်ပြုထားသောမြေမှအပ အခြားမြေယာတစ်ခုခု ဥပမာ ဆိုလို့ရှိရင် ကျောက်ဖြူ-ရန်ကုန်ကားလမ်းမဘေးမှာရှိတဲ့ ပိန္နဲတောင်တပ်မတော်(ရေ) ရော်ဘာစိုက်ခင်း လိုနေရာမျိုးကို ရွေးချယ်ပေးနိုင်ပါမည်လား။ နံပါတ်(၄) ရဲတပ်ရင်းအမှတ်(၃၂)တည်ဆောက်ရန် သိမ်းဆည်းသည့် မြေသိမ်းဆည်းသည့်အခါ ရဲတပ်ရင်းအတွက် အနည်းဆုံးလိုအပ်သည့်မြေ ဥပမာ ခလရ(၃၄) တပ်ရင်းအတွက် မြေဧက ၄၀ ခန့်သာ သိမ်းယူခဲ့တဲ့နမူနာမျိုးကို ပြုလုပ်သင့်သည်ဆိုတာ မှန်ပါသလား။ မေးခွန်းနံပါတ်(၅) ရဲတပ်ရင်းအမှတ်(၃၂)အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အသုံး ပြုခွင့်ပေးထားသည့်မြေများကို သိမ်းယူမည်ဆိုပါက လက်ရှိအသုံးပြုနေသူများကို လျော်ကြေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် လျော်ကွေးပေးမည်ဆိုပါကလည်း မည်ကဲ့သို့ပေးလျော်မည်ကို သိရှိလိုပါသဖြင့် မေးမြန်းအပ်ပါတယ်။