(ဂ)-မြစ်ချောင်းများအား လိုင်စင်စီ ဆွဲဝယ်ခြင်းများ ကင်းလွတ်ခွင့် ပြုပါရန် နှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-21

ကျေးလက်နေပြည်သူများရဲ့ စားဝတ် နေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ပေါ့ရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် မြစ်ချောင်းများကို လိုင်စင်စီဆွဲဝယ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ကိစ္စနဲ့ပတ်သက်ပြီးတော့ မေးခွန်းမေးမြန်းထားတာဖြစ်ပါတယ်။ တကယ့်ပြည်သူတွေရဲ့ လိုအပ်ချက်၊ ဆန္ဒသဘောထားများကို တစ်ဆင့် တင်ပြမေးမြန်းတဲ့ မေးခွန်းဆိုလည်းမမှားပါ။

ပကတိအခြေအနေကို အနည်းငယ်ဖတ်ကြားတင်ပြခွင့်ပြုစေလိုပါတယ်။ ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတမ်းဒေသတစ်ခုဖြစ်ပါတယ်။ မြို့နယ်အများစုဟာ ဘင်္ဂလား ပင်လယ်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ မြို့နယ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ပေါက်တောမြို့နယ်ဟာ မြစ်ချောင်းပေါများတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်တဲ့အတွက် အခုလို လေလံပစ်တဲ့နှစ်မှစပြီးတော့ မြို့နယ် အတွင်း မြစ်ချောင်း ၂၇ ခုကို လေလံခွန်အဖြစ် သတ်မှတ်ပြီးတော့ လေလံဆွဲဝယ်ခဲ့ပါတယ်။ ယခင် ကာလက မြစ်ချောင်းများကို လေလံဆွဲဝယ်ခြင်းမရှိခဲ့ပါ။ ၁၉၈၈ နောက်ပိုင်း ငွေရှင်ကြေးရှင်၊ စီးပွားရေး ဝိသမလောဘသမားတွေဟာ အဖွဲ့အစည်းဌာနဆိုင်ရာအကြီးအကဲများနဲ့ ချဉ်းကပ်ပြီးတော့ လေလံဆွဲဝယ်ခြင်းများကို ပြုလုပ်လာခဲ့တာ ယနေ့အထိဖြစ်ပါတယ်။ လေလံဆွဲဝယ်ခွင့်ရရှိသူများအနေ ဖြင့်လည်း သူတို့ကိုယ်တိုင် ရေလုပ်ငန်းလုပ်ကိုင်နေကြသူများ မဟုတ်ပါဘဲနဲ့ သူတို့လေလံဆွဲဝယ်၍ ရရှိတဲ့ရေခွန်များမှာ ရေလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရေလုပ်သားများထံမှ အခကြေးငွေများကို အဆ မတန်ကောက်ခံခြင်း၊ ငွေကြေးမပေးနိုင်ပါက ငါးဖမ်းပိုက်များသိမ်းဆည်းခြင်း၊ တရားစွဲအရေးယူခြင်း ပြဿနာများဖြစ်ပွားလျက်ရှိနေတာကို တွေ့ရပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်လွှတ်တော်အတွေ့အကြုံတွေ နယ်ဆင်းပြီးတော့ ရှင်းလင်းတဲ့ အခါမှာလည်း ကျေးလက်နေပြည်သူများအနေဖြင့် သူတို့ရဲ့လိုအပ်ချက်တွေကို၊ ဆန္ဒသဘောထား တွေကိုတင်ပြကြပါတယ်။ ငါတို့ ငါးလေးတစ်ကောင်ရှာစားမယ့် နေရာမရှိတော့ဘူး။ အရင်တုန်းက တာတမံတွေအတွင်းမှာ ချောင်းတွေ၊ မြောင်းတွေရှိတယ်။ ရှာစားလို့ရခဲ့တယ်။ အခု မရှာရတော့ဘူး။ အကုန်လုံးသူ့တာကိုယ့်တာဆိုပြီးတော့ ပုစွန်မွေးတဲ့ ပုစွန်တာတွေဖြစ်နေကြပါတယ်။ တာတမံတွေမှာ မရှာရတော့ ရွာချောင်းတွေ၊ မြစ်တွေမှာ ရှာမယ်လုပ်တော့လည်း သူလေလံဆွဲဝယ်ထားတာ၊ ငါလေ လံဆွဲဝယ်ထားတာဆိုပြီးတော့ မရှာရပြန်ဘူး။ ဒီလိုဖြစ်နေကြတဲ့အတွက် ငါတို့ဘဝဟာ အစားဆင်းရဲ၊ အနေဆင်းရဲဖြစ်ကြရတယ်။ ဆင်းရဲတွင်းနက်သထက် နက်နေကြရတယ်။ တချို့ဆိုရင် ရှာဖွေလုပ်ကိုင် စားသောက်မယ့်နေရာမရှိလို့ မလေးရှားတို့၊ ထိုင်းတို့ကို ရောက်သွားကြရပါတယ်ဆိုပြီး ရင်ဖွင့်ကြပါ တယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ ၁၉၃ ဇယား ၅ မှာ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့်အခွန်အခများမှာလည်း မပါဝင်တာတွေ့ရ ပါတယ်။ အပိုဒ် ၅ အပိုဒ်ခွဲ (က) မှာ ရေချိုလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံရမည့် ဘဏ္ဍာတော်ကြေး အပိုဒ် ၅ အပိုဒ်ခွဲ (ခ) မှာလည်း သတ်မှတ်ထားသော အကွာအဝေးအတွင်း ငါးဖမ်းလုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေးဆိုပြီးတော့ ပါရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး အရင်က မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒီလိုမြစ်ချောင်းတွေကို လေလံပစ်တဲ့ကိစ္စကတော့ ဝန်ကြီးဌာန အနေနဲ့မလုပ်ဘူး။ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေက သူတို့အစီအစဉ်နဲ့ လုပ်ကြတယ်လို့ပြောပါ တယ်။ နောက်တစ်ခါ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရန်ကုန်မှာရောက်တုန်း ဆွေးနွေးခဲ့ပါတယ်။ ဒီလေလံ ဆွဲဝယ်ရတာဟာ ပြည်နယ်အတွက်အခွန်အခတွေ၊ ပြည်နယ်ရန်ပုံငွေတွေ ဒီကမှရတာဆိုပြီးတော့ပြော ပါတယ်။ အမှန်ပြောရရင် တကယ်လေလံဆွဲတဲ့နေရာမှာ ငွေ ၁၀၀ မှာ ပြည်နယ်ရန်ပုံငွေအဖြစ် ၅၀ လောက်တောင် မဝင်ဘူးလို့သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို အကြံပေးလိုက်ပါတယ်။ တကယ့် အခွန်အခ အမှန်ရအောင်ဆိုရင် ရေလုပ်သားတွေရဲ့ ငါးဖမ်းပိုက်၊ ငါးဖမ်းကွက်ပေါ်မှာ သူတို့လည်း မနစ်နာရအောင် တစ်ဖက်မှ နိုင်ငံတော်ဘဏ္ဍာလည်းရအောင် ညှိနှိုင်းကောက်ခံသွားမယ်ဆိုရင် ဒီထက်တောင် အခွန်အခတွေပိုရနိုင်ပါတယ်လို့ ကျွန်တော်ပြောပြလိုက်ပါတယ်။ မြို့နယ်ငါးလုပ်ငန်း ဦးစီးနဲ့လည်းတွေ့ဖြစ်ပါတယ်။ သူက ဒီနှစ်လေလံခွန်တွေကို တချို့ကို ဗဟိုငါးဖမ်းကွက်နဲ့ အလုပ်လုပ် ထားတယ်လို့ပြောပါတယ်။ ငါးဖမ်းကွက်တွေကို လျှော့တယ်လို့ပြောပါတယ်။ ပင်လယ်နဲ့နီးစပ်တဲ့ မြစ်ကြီးတွေကို လုပ်တာပဲဖြစ်ပါတယ်။ တကယ်မြို့နယ်အတွင်းပိုင်းမှာရှိတဲ့ ပြည်သူများရှာဖွေ စားသောက်နိုင်တဲ့ မြစ်ချောင်းတွေကျတော့ ယခင်အတိုင်းပဲ ဖြစ်နေပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အထက်ကတင်ပြခဲ့သလို ကျေးလက်နေပြည်သူများရဲ့ စားဝတ်နေရေး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြစ်ချောင်းများကို လိုင်စင်စီဆွဲ ဝယ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြည်သူ့ဆန္ဒနှင့်အညီ အခုလို မေးမြန်း ရခြင်းဖြစ်ပါတယ်။