(င)-ကန်ဘက်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ခန့်ရန်ကျန် ၁၅ ဦးတို့အား အပြည့်အဝ ခန့်ထားပေးနိုင်ရေးနှင့်ကျောင်းဆောင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ပါရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာအုပ်စု အခြေခံ ပညာအထက်တန်းကျောင်းဟာ စာစစ်ဌာနရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင်မှ ကျေးရွာပေါင်း ၂၅ ရွာခန့် ကျောင်းသားကျောင်းသူများ မှီခိုအားထားတဲ့ကျောင်းလည်းဖြစ်ပါတယ်။ အဲဒီအထက်တန်းကျောင်းမှာ ခွင့်ပြုဝန်ထမ်း ၆၁ ဦးခွင့်ပြုထားသော်လည်း ၄၆ ဦးသာ တာဝန်ပေးထား တဲ့အတွက် ၁၅ ဦးခန့်လစ်လပ်နေပါတယ်။ တာဝန်ကျကျောင်းအုပ်နှင့် ကျောင်းဆရာဆရာမများက လစ်လပ်နေတဲ့ ဆရာဆရာမများရဲ့ကိုယ်စား ဝင်ရောက်သင်ကြားပြသပေးရတဲ့အတွက် များစွာပင်ပန်း တဲ့အပြင် ယခုအချိန်မှာဆိုရင် အချိန်ပိုခေါ်ခြင်း၊ ညဘက်စာကျက်ဝိုင်းလုပ်ခြင်း စတဲ့အောင်ချက် မြင့်မားရေးတာဝန်တွေပါ ပူးတွဲတာဝန်ထမ်းဆောင်နေရတဲ့အတွက် ဒီလိုထမ်းဆောင်နေရတဲ့အချိန်မှာ  ၃ နှစ်၊ ၄ နှစ် လောက်ရှိသွားပါပြီ။ ဒါကြောင့်မို့လို့ လစ်လပ်နေတဲ့ ဝန်ထမ်း ၁၅ ဦး ကျောင်းဆရာဆရာမ ၁၅ ဦးခန့်ကို အမြန်ဆုံးခန့်ထားပေးနိုင်ပါရန်နှင့် စာသင်ဆောင်လိုအပ်ချက်အတွက် ဆက်လက်တင်ပြ ခွင့်ပြုပါရန် ခွင့်ပန်ကြားအပ်ပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ ကန်ဘက်ကျေးရွာအထက်တန်းကျောင်းတွင် နာဂစ်မုန်တိုင်းမဖြစ်ခင်အချိန် အထိ ဒေသခံပြည်သူထည့်ဝင်ငွေဖြင့် သစ်သားစာသင်ကျောင်း ၄ ဆောင်၊ အုတ်စာသင်ဆောင် ၂ ဆောင်ရှိပါတယ်။ နာဂစ်မုန်တိုင်းကြောင့် သစ်သားစာသင်ဆောင် ၃ ဆောင်ပြိုကျပြီး ကျန်တစ်ဆောင် မှာလည်း အမိုးအကာမရှိတော့ပါဘူး။ အုတ်ဆောင်တစ်ဆောင်ကတော့ ၁၉၇၄ ခုနှစ်ကတည်းက ဆောက်ထားပြီး မုန်တိုင်းဒဏ်ကြောင့် ခါးမှ ကျိုးအက်သွားတဲ့အရာဖြစ်ပေါ်လာပါတယ်။ ဒေသခံ လုပ်သားများနှင့် ဆောက်လုပ်ထားတာမို့ တိကျတဲ့၊ ခိုင်ခံံ့တဲ့စာသင်ဆောင်များလည်းမဟုတ်ပါဘူး။ သို့သော်လည်း နာဂစ်မုန်တိုင်းအပြီးမှာ ပညာရေးဌာနမှ တစ်ဆောင်၊ ကြက်ခြေနီကတစ်ဆောင် ပေ ၃၀၊ ပေ ၉၀ RC ဆောင်များပြန်လည်ဆောက်လုပ်ပေးခဲ့ပြီး A1 ဆောက်လုပ်ရေးမှလည်း သစ်သားဆောင် တစ်ဆောင် လှူဒါန်းခဲ့ပါတယ်။ ကျန်တဲ့သစ်သားဆောင်များကိုတော့ နာဂစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှ အမိုးအကာများနဲ့ ပြန်လည်လုပ်ပေးခဲ့သော်လည်း ခါးလယ်မှကျိုးအက်နေတဲ့ အုတ်ဆောင်ကိုတော့ ပြန်လည်ပြုပြင်ပေးနိုင်ခြင်းမရှိတဲ့အတွက် ကျောင်းအကျိုးဆောင်များ၊ မိဘ ဆရာအသင်းများ အခန်းနေရာမှာ အုတ်နဲ့ထောင်ပြီးတော့ ပြိုမကျရေးအတွက် ဒေါက်သဖွယ်ပြုလုပ် ကာစာသင်နေရပါတယ်။ ယခုအခါမှာ ထပ်မံပြုပြင်ဖို့ လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။ ကျောင်းနဲ့ စာသင်ခန်းအချိုးကတော့ ကျောင်းသားတစ်ဦးလျှင် ၁၂.၁၆ စတုရန်းပေသာရှိတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကျောင်းသားအချိုးနှင့် ကျောင်းဆောင်လိုအပ်ချက်ရယ် ပြုပြင်ပေးသင့်တဲ့ ကျောင်းဆောင် အားပြန်လည်ပြုပြင်ပေးရန် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။ (၁) လစ်လပ်သော အထက်တန်းနှင့် အလယ်တန်းဆရာမများအား အမြန်ဆုံးခန့်ထားပေးနိုင်ပါရန်နှင့် (၂) ကျောင်းဆောင် သစ်တစ်ဆောင်နှင့် ပြုပြင်သင့်သောကျောင်းဆောင်အား ပြန်လည်ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိ၊မရှိ သိလို၍ မေးမြန်းခြင်းဖြစ်ပါတယ်။