(ဂ)-ပင်မတံတားကြီး၏ အပေါ်ထည် ပြီးစီးအောင် တည်ဆောက်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

နိုင်ငံတော်မှ ဧရာဝတီ တိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှုနှင့် အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့ ဧရာဝတီလမ်းကွန်ယက် ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် လမ်းမကြီး ၁၁ လမ်းကို အကောင်အထည်ဖော် တည်ဆောက်ပေးလျက် ရှိပါတယ်။ အဓိကလမ်းမကြီး ၃ လမ်းဖြစ်တဲ့ ပင်လယ်ကမ်း‌ွခေဒေသများနဲ့လည်း ဆက်သွယ်ထားတဲ့ လမ်းအမှတ်(၅) ဘိုကလေး-ကြိမ်ချောင်း ကဒုံကနိလမ်း၊ လမ်းအမှတ်(၆) ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်းနဲ့ လမ်းအမှတ်(၁၀) ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-မြောင်းမြလမ်းမကြီး ၃ လမ်းဟာ ၎င်းတို့ကို ဆက်စပ်ပေါင်းကူးရာမှာ ဘိုကလေးမြစ်ကို ကျော်ဖြတ်ရမှာဖြစ်တဲ့အတွက် ယခင်အစိုးရလက်ထက်က နိုင်ငံတော်၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့မှ အမိန့်အမှတ် (၁/၂၀၁၀)ဖြင့် ဘိုကလေးမြစ်ကူးတံတားကို ၂၀၁၀ ခုနှစ်မှာ စတင်အကောင်အထည် ဖော်တည်ဆောက် ပေးခဲ့ပါတယ်။ ဘိုကလေးမြစ်ကူးတံတားဟာ စုစုပေါင်းအရှည် ၃၅၅၃ ပေ၊ အကျယ် ၃၄ ပေနဲ့ တံတားခံနိုင်ဝန်ဟာ ၇၅ တန်ရှိမယ့် တံတားတစ်စင်းဖြစ်ပါတယ်။ ယခုအခါမှာ မြစ်ကမ်း နှစ်ဖက်မှာ ချဉ်းကပ်တံတားများနဲ့ ရေလည်တိုင်များ တည်ဆောက်ခြင်းလုပ်ငန်း လုံးဝပြီးစီးနေပြီ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တံတားတည်ဆောက်ခြင်းလုပ်ငန်းရဲ့ ၆၅ ရာခိုင်နှုန်းကျော် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဘိုကလေးမြစ်ကူးတံတားကြီးနဲ့ ၎င်းနဲ့ဆက်စပ်နေတဲ့လမ်း များကို အမြန်ဆုံး ဆက်လက်တည်ဆောက်ပေးရန် ဒေသခံပြည်သူများက မျှော်လင့်အားထားနေကြ ပါတယ်။ ကျွန်တော်တို့ ဘိုကလေးမြို့နယ်ဟာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်စည်းစိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရတဲ့ဒေသဖြစ်ပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားကိုးအားထားပြုခဲ့ရပါ တယ်။ သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်မှာ ရေလမ်းခရီးကို အသုံးပြုခဲ့ကြသလို အသက်ဆုံးရှုံးမှု အလွန်များပြားခဲ့ပြီး ယခုအချိန်အထိ စိုးရိမ်ထိတ်လန့်နေကြဆဲဖြစ်ပါတယ်။ ၁၁-၄-၂၀၁၂ ရက်နေ့က အင်ဒိုနီးရှား‌ မြေငလျင် လှုပ်ရှားမှုမှာ ဆူနာမီသတိပေးချက် ထွက်ပေါ်လာသည့်အချိန် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောင့်ကြ စိတ်များနှင့်အတူ လမ်းမကြီးများနှင့် ဘိုကလေးမြစ်ကူးတံတားကို အမြန် ဆက်လက်တည်ဆောက်ပေးရန် အထူးဆန္ဒပြင်းပြလျက်ရှိနေကြပါတယ်။ သို့ပါ၍ ဘိုကလေးမြစ်ကူး တံတားကို အမြန်ဆက်လက် တည်ဆောက်ရေးလုပ်ငန်းမှာ ကျန်ရှိနေသေးတဲ့ ပင်မတံတားကြီး အပေါ်ထည်တည်ဆောက်ခြင်းလုပ်ငန်းဟာ အမြန်ပြီးစီးအောင် တည်ဆောက်ပေးမည့် အစီအစဉ် ရှိ၊ မရှိကို ဒေသခံပြည်သူများကိုယ်စား လေးစားစွာ မေးမြန်းအပ်ပါသည်။