(က)-အခြေခံဥပဒေနှင့်အညီ မူလတန်း အဆင့်တွင် မိမိတို့၏ တိုင်းရင်းသားစာပေကို အင်္ဂလိပ်စာနှင့် တွဲဖက် သင်ကြား ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်း ဖြစ်ပါတယ်။ အစည်းအဝေး ခန်းမကြီးထဲမှာ ရောက်ရှိလာကြတဲ့ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ကြီးများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ပါရစေ။ ဒီနေ့ ကျွန်တော်မေးမယ့်မေးခွန်းကတော့ ပြီးခဲ့တဲ့ ဧပြီလ ထဲမှာ တင်ပြထားတာဖြစ်ပြီးတော့ ဒီကိစ္စတချို့တဝက်သာ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဖြေရှင်း ပြီးသားလည်းဖြစ်တဲ့အတွက်ကြောင့် အတိုချုပ်ပဲ တင်ပြပါတော့မယ်။ ပြည်နယ်နှင့် တိုင်းအချို့တွေမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးများအနေနဲ့ မိမိတို့ရဲ့ စာပေသင်ကြားရေးကိစ္စကို အလေးထားပြီးတော့ အစဉ် တစိုက်တင်ပြခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ အဲဒီကိစ္စနှင့် ပတ်သက်ပြီးတော့လည်း ပထမအစည်းအဝေးမှာ ဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီးတော့ တိုင်းရင်းသား လူမျိုးပေါင်း ၁၃၀ ကျော် ရှိတဲ့ အတွက်ကြောင့် တိုင်းရင်းသားအားလုံးရဲ့စာပေ သင်ကြားဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး ဆိုပြီးတော့ ဖြေကြားခဲ့တာလည်း ကြားခဲ့ဖူးပါတယ်။ သို့သော်လည်းပဲ အခုလက်ရှိအခြေအနေမှာတော့ မြို့နယ်တိုင်းမြို့နယ်တိုင်းမှာ ဒီမိမိတို့ရဲ့စာပေတွေကို ပြန်လည်ပြီးတော့ သင်ကြားနိုင်ဖို့ရန်အတွက် အစီအစဉ်တွေ သက်ဆိုင်ရာပြည်နယ်လူမှုရေးတာဝန်ခံများအနေနဲ့ ဆက်လက် ဆောင်ရွက်နေပြီဆိုတာ ကြားသိရတဲ့အတွက်ကြောင့် အခုလိုစီစဉ်ပေးတဲ့ ဝန်ကြီးဌာနကိုလည်း များစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ နောက်ဆက်တွဲတစ်ခုကတော့ ပြည်နယ်တွေမှာရှိတဲ့ ကျောင်းသားတွေဟာ အလွန်နုနယ်ငယ်ရွယ်တဲ့ ကျောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်၊ ကလေးတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ မိမိဘာသာအပါအဝင် ကျန်တဲ့နိုင်ငံခြားဘာသာနှစ်ခု လူမျိုးခြားဘာသာ ခေါ်မှာပေါ့ဗျာ။ မြန်မာစာနှင့် အင်္ဂလိပ်စာကို သင်ရမှာဖြစ်တဲ့အတွက်ကြောင့် မိမိစာပေနှင့်ဆိုရင် သုံးမျိုး၊ သုံးဘာသာ ဖြစ်သွားပါမယ်။ အဲဒီသုံးဘာသာအနက် နှစ်ဘာသာကိုသာ သင်ပေးနိုင်မယ်ဆိုလို့ရှိရင် ကလေး အတွက် ပိုပြီးတော့ အဆင်ပြေမယ်လို့ ကျွန်တော့်အနေနဲ့ ဖတ်ဖို့နားဝရှိတဲ့စာပေတွေမှာ သုတေသန ပညာရှင်တွေရဲ့ ရေးသားချက်ကို ဖတ်ရှုဖူးပါတယ်။ ဒါကြောင့်မို့လို့ ဒီမိမိဘာသာအပြင် အခြားတစ် ဘာသာ ထပ်ပြီးတော့သင်ကြားဖို့ရာမှာ အင်္ဂလိပ်ဘာသာကို စီစဉ်ပေးနိုင်ခြင်းရှိ၊ မရှိသိလိုပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတိုင်းရင်းသားတွေဖြစ်တဲ့အတွက်ကြောင့် မြန်မာစာ ကတော့ မတတ်ချင်လည်း တတ်မှာပဲ၊ မပြောတတ်ချင်လည်း ပြောတတ်မှာပဲ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ခေတ် ၁၉၅၅ ခုနှစ်မတိုင်ခင်မှာဆိုရင် ချင်းပြည်နယ်ဆိုရင် ချင်းဘာသာ အကြောင်းပဲ ပြောမယ်ဆိုရင် ချင်းပြည်နယ်မှာ ချင်းဘာသာစာပေနှင့် စတုတ္ထတန်းအထိ သင်ကြားပြီးတော့ စတုတ္ထတန်းအောင်မှပဲ သူငယ်တန်း ကျောင်းဖတ်စာ အဲဒါကိုသင်ရပါတယ်။ အသံကတော့ မပြင်နိုင် တော့ဘူးပေါ့။ သို့သော်လည်းပဲ စကားအနေနဲ့တော့ ကိုယ်နိုင်ငံရဲ့စကားဖြစ်တဲ့အတွက်ကြောင့် မတတ် မနေပါဘူး။ တတ်ကြပါတယ်။ ချင်းတွေကလည်း ၁၀ တန်းလောက် ရောက်လို့ရှိရင်လည်း ပြောတတ် ဆိုတတ်ရှိကြပါတယ်။ ဒါကြောင့် ပိုပြီးတော့ ခက်ခဲတဲ့ အင်္ဂလိပ်ဘာသာကို မူလတန်းကနေပြီးတော့ သင်ကြားပေးမယ်။ အခု သင်ကြားနေတဲ့ဟာကို သုံးဘာသာ ဆိုတော့ မနိုင်မနင်းဖြစ်မှာဆိုးလို့ မြန်မာစာကို စတုတ္ထတန်းအထိ ခေတ္တရပ်နားပြီးတော့ အင်္ဂလိပ်စာနှင့် တိုင်းရင်းစာပေကိုသာ သင်ကြားပေးမယ် ဆိုရင် ပိုပြီးတော့များ ထိရောက်မှုရှိမလားလို့ ဒီမေးခွန်း လေးကို ကျွန်တော့်အနေနဲ့ တင်ပြခြင်း ဖြစ်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။