(ဃ)-အရန်ဆန်ဝယ်ယူသိုလှောင် ထားခြင်း၏ ရည်ရွယ်ချက် နှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်က အရန် ဆန်ဝယ်ယူသိုလှောင်စဉ်တုန်းက ဈေးအနေနဲ့ တင်း ၁၀၀ ကို ၂၈၀၀၀၀ လောက်အမြင့်ဆုံးရှိပါတယ်။ ဒီကနေ့ စပါးပေါက်ဈေးက တင်း ၁၀၀ ကို ၄၀၀၀၀၀ လောက်ရှိပါတယ်။ ဒီလိုအချိန်၊ ဒီလိုကာလ ရောက်တဲ့အခါမှာ တောင်သူလယ်သမားလက်ထဲမှာလည်း စပါးလုံလုံလောက်လောက် နောက်ထပ် ရောင်းဖို့မရှိတော့ဘူးဆိုတာမျိုး အသံလည်းထွက်ပါတယ်။ တစ်ဖက်ကနေပြီးတော့ တောင်သူ လယ်သမားတွေမှာ ကြွေးကိုမဆပ်နိုင်လို့ နိုင်ငံတော်သမ္မတကြီးဆီကို သဝဏ်လွှာပေးပို့တာမျိုး၊ အသနားခံစာပေးပို့တာမျိုးတွေလည်း ကြားရပါတယ်။ ဂျာနယ်တို့မှာလည်းဖော်ပြီးတော့ ထုတ်ဖော် ပြောကြားမှုမျိုးကိုလည်း ကျွန်တော်ကြားပါတယ်။ အဲဒီတော့ကာ ကျွန်တော်က ဒီအချိန်မှာ ပြန်စဉ်းစားမိ တာက နိုင်ငံတော်က ဝယ်ယူသိုလှောင်ထားတဲ့ အရန်ဆန်တွေက တစ်ဖက်မှာပေါ့လေ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိတဲ့ စားသုံးသူပြည်သူတွေ ကြားမှာလည်းပဲ ဆန်ဈေးကတက်နေပါတယ်။ ဒီဝယ်ယူထားတဲ့ အရန်ဆန်ပမာဏ ဘယ်လောက်ရှိသလဲဆိုတာကို ကျွန်တော်သိရှိလိုပါတယ်။ ဒီဝယ်ယူ ထားတဲ့ အရန်ဆန်ရဲ့ ရည်ရွယ်ချက်က အခုလို ကုန်ဈေးနှုန်းတက်တဲ့အခါမှာ ပြန်လည်ပြီးတော့ ထိန်းညှိ နိုင်ဖို့အတွက် ဈေးကွက်ချရောင်းပြီး ကုန်ဈေးနှုန်းငြိမ်အောင် လုပ်ပေးဖို့များဖြစ်ပါသလား။ Open Market Operation ဖြစ်ပါသလား။ အဲဒါမျိုးကိုလည်း ကျွန်တော်သိချင်ပါတယ်။ တစ်ဖက်မှာ ကျွန်တော်လေ့လာတဲ့အခါကျတော့ တောင်သူလယ်သများတွေအပေါ်မှာ ကုမ္ပဏီပိုင်းကနေချေးထားတဲ့ ငွေတွေနဲ့ ပတ်သက်လို့ကတော့ တစ်မျိုးကြားသလို နိုင်ငံတော်ပိုင်းကနေ ချေးထားတဲ့ ငွေတွေကလည်း ဒီနှစ်တော့ တစ်ဦးတည်းချေးပေးပါတယ်။ ယခင် ၂၀၀၀၀ လောက်ကနေပြီးတော့ ၄၀၀၀၀ အထိ နှစ်ဆတိုးချေးပေးပြီး နောက်ပိုင်းမှာ ၅၀၀၀၀ အထိ တိုးချေးပေးတာတွေလည်း ကျွန်တော်ကြား ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ခုနက ဆပ်၊ မဆပ်ဆိုတဲ့ကိစ္စမှာလည်းပဲ နိုင်ငံတော်က ထုတ်ပြန်ချက် အားဖြင့်ကတော့ ကျပ်သန်းပေါင်း ၃၀၀၀ ကျော်လောက်ပဲ ကျန်တယ်လို့ ကျွန်တော်တို့ကြားပါတယ်။ စုစုပေါင်းကတော့ ကျပ်သန်းပေါင်း ၃၀၀၀၀၀ ကျော်လောက် ထုတ်ချေးထားတယ်လို့ ကြားပါတယ်။ အဲဒီတော့ ဒီကိစ္စအဝဝဟာ ကျွန်တော်တို့နိုင်ငံမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်လာတာက နိုင်ငံတည် ကတည်းကပါပဲ။ နိုင်ငံမတည်ခင်ကတည်းကပါပဲ။ အဲဒီတော့ ဒီကိစ္စတွေအားလုံးဟာ အနည်ထိုင်ဖို့ သင့်ပြီလို့ ကျွန်တော်မြင်ပါတယ်။ အနည်ထိုင်ဖို့အတွက် ကျွန်တော်တို့က ဒီမှာနည်းလမ်းတစ်ခုကတော့ စီးပွားရေးပညာနည်းလမ်းပါတယ်။ အုပ်ချုပ်ရေးနည်းလမ်းလည်းမှန်ပါတယ်။ အရန်ဆန်ဝယ်ယူထား ပြီးတော့ နိုင်ငံတော်ကနေပြီးတော့ ဈေးကွက်ကို Intervention လုပ်တယ်။ သဘောတရားလေးတွေ ပေါ့လေ။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာကနေပြီးတော့ကာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လောက် ပမာဏကို ဝယ်ယူထားပြီးတော့ ဆက်လက်ပြီးတော့ ဆန်စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်း၊ စပါးဈေးနှုန်း တည်ငြိမ်ဖို့အတွက် တောင်သူလယ်သမားတွေလည်းပဲ သူတို့မှာကတော့ ပေါ်တာနဲ့ ရောင်းရတော့ တာပါပဲ။ အဲဒီအချိန်မှာပဲ ဈေးကကျတာပဲ။ သူတို့လက်ထဲမှာ စပါးကုန်သွားတဲ့အခါမှာ ဈေးကတက် လာပါတယ်။ အဲဒီတော့ သူတို့မှာလည်းပဲ ဆင်းရဲခြင်းသံသရာနဲ့ လုံးလည်လိုက်နေပါတယ်။ ဒီကိစ္စ မျိုးတွေ ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာကနေပြီးတော့ အရန်ဆန်ဝယ်ယူသိုလှောင်ထားရှိခြင်းနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးဆွေးနွေးပေးပါရန် မေးမြန်းအပ်ပါသည်။