(ဆ)-စက်စဲကျေးရွာ အ.ထ.က ကျောင်းခွဲအား အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် နှင့် စပ်လျဉ်း သည့်မေးခွန်း
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲကို ၂၀၀၃-၂၀၀၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်ထိဆိုလျှင် ရှစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ နှစ်အလိုက် ကျောင်းသားဦးရေတိုးတက်လာခဲ့ရာ ပြီးခဲ့တဲ့စာသင်နှစ် ၂၀၁၁-၂၀၁၂ တွင် အထက်တန်းကျောင်းအဆင့် ကျောင်းသားကျောင်းသူ ၁၉၀ ဦး ခန့်၊ အလယ်တန်းနှင့်မူလတန်း ၅၆၀ ခန့်ရှိပြီး စုစုပေါင်း ကျောင်းသားကျောင်းသူဦးရေမှာ ၇၅၀ ခန့် ရှိပါတယ်။ လာမည့်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ထပ်မံတိုးမြင့်လာမည် ဖြစ်ပါသည်။ ကျေးရွာနေပြည်သူများမှ တစ်ဦးချင်း သော်လည်းကောင်း၊ စုပေါင်း၍ဖြစ်ဖြစ် လူသား အရင်းအမြစ်ဖွံ့ဖြိုးရန် ဝိုင်းဝန်းပံ့ပိုးကြရာ၌ ကျောင်းဆောက်ရန် မြေဝယ်ယူလှူဒါန်းပေးပြီး အထက်တန်းကျောင်းအဆင့်မီ ကျောင်းဆောင်များ ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဤကျေးရွာနှင့် နီးစပ်လျက်ရှိသောကျေးရွာများမှာ မူလတန်းကျောင်း ၇ ကျောင်းနှင့် မူလွန်ကျောင်း ၁ ကျောင်းတို့မှ စက်စဲအထက်တန်းကျောင်းခွဲသို့နှစ်စဉ် ကျောင်းသားကြောင်းသူများ စဉ်ဆက်မပြတ် ဖြည့်တင်းလျက်ရှိ ပါသည်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ စက်စဲအထက်တန်း ကျောင်းခွဲသည် သံဖြူဇရပ်မြို့မှ ၁၀ မိုင်ကွာဝေးပြီး ကျိုက္ခမီမှ ၁၅ မိုင်ကွာဝေးသော ပင်လယ်ကမ်းစပ်ရွာကြီး ဖြစ်ပါတယ်။ ဒီ့အပြင် ကမ်းခြေသယ်ပို့စခန်း၊ အနားဖြေစခန်းများဖြင့် စည်ကားသောရွာကြီးဖြစ်ပြီး နိုင်ငံတကာခရီးသည် များလည်း လာရောက်သောနေရာလည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ စည်ကားသိုက်မြိုက်သော ကျေးရွာရှိ အထက်တန်းကျောင်းခွဲအား ကျောင်းသားဦးရေပြည့်စုံပြီး အဆောက်အဦလုံလောက်သည့် အနေအထားဖြစ်သည့်အတွက် လာမည့် ၂၀၁၃-၂၀၁၄ စာသင်နှစ်အမီ အထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ ကျေးရွာလူထုတင်ပြချက်နှင့် ကျောင်းအကျိုးတော် ဆောင်တို့တင်ပြချက်အား ၎င်းတို့ကိုယ်စားမေးမြန်းအပ်ပါသည်။