(ဇ)-ဘော်ဒေကျေးရွာ အလယ်တန်းကျောင်းအား အထက်တန်းကျောင်းခွဲအဖြစ် အဆင့် တိုးမြှင့်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာအနေဖြင့် မိုးမိတ်မြို့မှ ၁၈ မိုင်ကွာဝေးပြီး ဘော်ဒေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ၁၉-၉-၁၉၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့အချိန် အထိ ၁၇ နှစ်ကြာမြင့်ပြီး ဗမာလူမျိုး၊ ကချင်လူမျိုး၊ လီဆူးလူမျိုး၊ လားဟူလူမျိုးစသဖြင့် တိုင်းရင်းသား ပေါင်းစုံစည်းလုံးချစ်ကြည်စွာဖြင့် မိမိ၏ရင်သွေးငယ်များ ပညာရည်နို့သောက်စို့ရာနေရာလည်းဖြစ် ပါတယ်။ အဆိုပါမိုးမောက်ကျေးရွာအုပ်စု ဘော်ဒေအခြေခံပညာအလယ်တန်းကျောင်းအနေဖြင့် မိုးမောက်ကျေးရွာအုပ်စုမှကျေးရွာ ၃ ရွာ၊ နှမ်းပွတ်ကျေးရွာအုပ်စုမှကျေးရွာ ၃ ရွာ၊ သစ်ဆိမ့်ကုန်း ကျေးရွာအုပ်စုမှ ၉ ရွာ၊ ပုသိမ်ကျေးရွာအုပ်စုမှ ၁ ရွာ၊ စုစုပေါင်းကျေးရွာ ၁၆ ရွာ၏ဗဟိုဖြစ်ပြီး အခြေခံပညာအလယ်တန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (မူလွန်ပါ)              ၁၄ ကျောင်းတို့မှ ကျောင်းသူကျောင်းသားများအပြင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မိုးမောက် ကျေးရွာအုပ်စု ဆာဒင်ကျေးရွာတွင် တွဲဖက်အခြေခံပညာမူလတန်းကျောင်းနှင့် သစ်ဆိမ့်ကုန်းကျေးရွာ၊ ဝဲပေါင်း၊ ငှက်ပျောတောရွာ တွဲဖက်အခြေခံပညာမူလတန်းကျောင်းတို့အား ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုဖွင့်လှစ်ခဲ့သဖြင့် ယခုအခါကျေးရွာပေါင်း ၁၈ ရွာမှ ကျောင်းသူကျောင်းသားတို့ မှီခိုအားထားရာကျောင်း ၁ ကျောင်းလည်းဖြစ်ပါတယ်။ မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ အခြေခံပညာအလယ်တန်းအဆင့် သင်ယူပြီးပါက အခြေခံပညာအထက်တန်းအဆင့် သင်ယူနိုင်ရန်အတွက် အဆိုပါဘော်ဒေကျေးရွာနှင့် ၈ မိုင်ခန့်ကွာဝေးသော မကျည်းပင်အထကသို့လည်းကောင်း၊ ၁၆ မိုင်ခန့် ဝေးကွာသော ညောင်ပင်စောက် အ.ထ.က နှင့် ၁၈ မိုင်ခန့်ဝေးကွာသော မိုးမိတ်မြို့အထကကျောင်းများသို့ သွားရောက်ပညာဆက်လက် သင်ကြားရပါတယ်။ ယင်းသို့ ပညာသင်ကြားရာမှာ ကျောင်းသူ ကျောင်းသား ၁ ယောက်နေထိုင်တည်းခိုစားသောက်စရိတ်ဟာ ကျောင်းဝေယျာဝစ္စမပါ ၁ လလျှင် ၆၀၀၀၀ မှ ၁၀၀၀၀၀ အထိကုန်ကျသဖြင့် ပညာသင်ယူနေကြသော အခြေခံပညာအလယ်တန်း အောင်သူ တိုင်းရင်းသားများအနေဖြင့် အခြေခံပညာအထက်တန်းအဆင့်ကို သင်ယူနိုင်ရန် အခွင့် အလမ်းနည်းပါးလျက်ရှိသည်ကိုလည်း တွေ့နေရပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံရေးနေ့ များနှင့် ၁၉-၅-၂၀၁၂ ရက်နေ့မှာ မိုးမောက်ကျေးရွာအုပ်စု၊ ဆာဒင်ကျေးရွာ တွဲဖက်အခြေခံပညာ မူလတန်းကျောင်းအား ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုကျောင်းဖွင့်ပွဲတွင် အဆိုပါကျေးရွာ အုပ်စုများရှိကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာတွင် ဘော်ဒေကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းခွဲရရှိပါက အနီးပတ်ဝန်းကျင်မှ အခြေခံပညာအလယ်တန်းအောင် ကျောင်းသူကျောင်းသား များမှာ အခြေခံပညာအထက်တန်းအဆင့်သို့သင်ယူရန် အဆင်သင့်ရှိနေကြောင်းနှင့် အစစအဆင်ပြေ စေရန်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူမှာ ၁၀၀ ဦးခန့်ရှိမည်ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ အဆိုပါ မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းအား သက်ဆိုင်ရာဌာနမှ သတ်မှတ်ချက်ပြည့်စုံသည့် ကျောင်းဖြစ်သည့် အတွက် အ.ထ.က(ခွဲ)အဖြစ်တိုးမြှင့်ရန် တင်ပြထားသော်လည်း ယနေ့တိုင်မရရှိသေးပါ။ အဆိုပါ ကျောင်းအနေဖြင့် မိုးမိတ်-တွင်းငယ်-မန္တလေးကားလမ်းမပေါ်တွင် ရှိခြင်း၊ အနီးပတ်ဝန်းကျင်ရွာများမှ နွေမိုးဆောင်းရာသီမရွေးသွားလာနိုင်ခြင်း၊ Building လည်းရှိခြင်း စသဖြင့် အဘက်ဘက်မှ အခြေခံ ပညာအထက်တန်းအဆင့် သင်ယူလိုသော ကျောင်းသူကျောင်းသားများအတွက် ပညာသင်ယူမှု အခက်အခဲမရှိနိုင်ကြောင်းလည်းသိရပါတယ်။ သို့ဖြစ်ပါ၍ မိုးမိတ်မြို့နယ်၊  မိုးမောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်းခွဲ အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကိုသိလိုသည့်အတွက် မေးမြန်းပါသည်။