(ဂ)-ဝက်မြေတောဆည်အား ပြန်လည် တည်ဆောက်ပေးနိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ကျွန်တော်တို့ပြည်မှာ မြောက်နဝင်းဆည်ကြီးရှိပါတယ်။ မြောက်နဝင်းဆည်ရဲ့အဖျားမှာ အင်းဝင်းအုပ်စု၊ သစ်ချိုပင်အုပ်စု ဆိုပြီးတော့ ကျေးရွာအုပ်စုတွေ ရှိပါ တယ်။ ၁၉၉၅ ခုနှစ်က အဲဒီအုပ်စုကြီးဆီကို ရေမရောက်တာမို့လို့ ကျွန်တော်တို့ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေ၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေ ပူးပေါင်းပြီးတော့ ဝက်မြေတောဆည်ဆိုတာကို ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ အဲဒီဝက်မြေတောဆည်ရဲ့ အကျိုးကျေးဇူးက ဧက ၄၅၀၀ ကို ရေပေးနိုင်ပြီးတော့ အဲဒီကနေပြီးတော့ မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ စတဲ့သီးနှံတွေကိုစိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ ဒါတွေက ပြီးခဲ့တဲ့နှစ်က ရာသီဥတုဆိုးတာကြောင့်မို့လို့ မိုးကြီးခြင်း၊ ရေလျှံခြင်းဖြစ်ပြီးတော့ အဲဒီ ဝက်မြေတောဆည်အား ၂၀၁၁ ခုနှစ်၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ကျိုးသွားပါတယ်။ အဲဒီလိုကျိုးသွားတဲ့အခါမှာ ခုနကပြောတဲ့ သစ်ချိုပင်အုပ်စုမှာရှိတဲ့ ကျေးရွာ ၈ ရွာက ရွာသူရွာသားများဟာ သောက်ရေ၊ သုံးရေ၊ စိုက်ပျိုး‌ရေ အတွက် ယနေ့အထိ အခက် အခဲဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု ကျေးရွာသူ ကျေးရွာသားများရဲ့ကိုယ်စား ဥက္ကဋ္ဌကြီးကတစ်ဆင့် ကျွန်တော် မေးခွန်းတစ်ခုမေးလိုပါတယ်။ ကျိုးပေါက်ပျက်စီးနေတဲ့ ဝက်မြေတောဆည်အား ပြန်လည်တည်ဆောက် ပေးနိုင်ရန် အစီအစဉ်ရှိ၊မရှိနဲ့ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန်မှာ တည်ဆောက် ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။