(ဃ)-ရေလွှဲဆည်တစ်ခုကို တည်ဆောက်ပေးနိုင်ခြင်း ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်တွင်းကြီးမြို့မှာ မြို့အရှေ့ဘက်က နေပြီးတော့ အနောက်ဘက်ကို မြို့ထဲကဖြတ်စီးဆင်းတဲ့ ရိုးတစ်ခုရှိပါတယ်။ ဒီရိုးရဲ့တစ်ဖက်တစ်ချက်မှာ ရပ်ကွက် ၄ ခုဟာ တစ်ဖက်မှာရှိပြီးတော့ တစ်ဖက်မှာ ရပ်ကွက် ၆ ခု ရှိပါတယ်။ ၁၀ ရပ်ကွက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နှစ်စဉ် ဇူလိုင်၊ သြဂုတ်လများမှာ ရေကြီးရေလျှံမှု အဆိုပါရိုးမှ ဖြစ်ပေါ် ပါတယ်။ ရေကြီးတဲ့အခါမှာလည်း ရေလျှံတဲ့အခါ တစ်ဖက်က ၄ ရပ်ကွက်ဟာ နှစ်စဉ်ရေကြီးမှုဒဏ်ကို ခံရပြီးတော့ ၄ ပေခန့်နေအိမ်များမှာ ရေတက်ခဲ့ပါတယ်။ ဒါလည်းပဲ ၃၊ ၄ ရက်ခန့်ကြာမှ ရေဟာ ပြန်ကျသွားတဲ့ နှစ်စဉ်အတွေ့အကြုံ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရေကြီးမှုကြောင့် လူနှင့်တိရစ္ဆာန် သေကြေမြဲ ရှိခဲ့တာဖြစ်ပါတယ်။ သို့သော် အစိုးရအဆက်ဆက်မှာ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ခဲ့ကြပေ မယ်လို့ အခြေအနေမပေးခဲ့ပါဘူး။ အဆိုပါအကြောင်းတရားရဲ့ အရင်းအမြစ်ကို လေ့လာတဲ့အခါမှာ တောင်တွင်းကြီးမြို့ရဲ့အရှေ့ဘက် ပဲခူးရိုးမကို အခြေခံတဲ့ စက်စက်ယိုရိုးဟာ ရေကြီးရေလျှံမှုကြောင့် မြို့ထဲကဖြတ်လာတဲ့ ရေအလုံးအရင်းဝင်ရောက်လာတဲ့အတွက် ဒီကိစ္စဖြစ်ပေါ်ရတယ်လို့ လေ့လာသိရှိ ရပါတယ်။ ဒါကြောင့် မြို့အရှေ့ဘက်မှာရှိတဲ့ ရိုးကို ရေလွှဲတမံ၊ ရေလွှဲဆည်တစ်ခု ဆောင်ရွက်မယ်ဆိုလို့ ရှိရင် တောင်တွင်းကြီးမြို့ပေါ်မှာရှိတဲ့ မြို့ပေါ် ၄ ရပ်ကွက်ရဲ့ နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှု၊ တောင်တွေရေတက်ခြင်းလို့ ဒေသအဆိုခေါ်ပါတယ်။ ဒါကိုလည်း သက်သာရာရရှိစေမှာ ဖြစ်ပါတယ်။ အဆိုပါ ရေလွှဲဆည်တည်ဆောက်ခြင်းအားဖြင့် ရေဦး၊ ကျွန်းတော၊ သီလ ကျေးရွာများရဲ့ မိုးကောင်း သောက်လယ်တွေဟာလည်းပဲ ရေသေချာတဲ့ ဆည်ရေသောက်လယ်များဖြစ်လာမယ်လို့ ယူဆပါတယ်။ အလားတူ ဆည်တည်ဆောက်မယ့် နေရာမှာရှိတဲ့ အုတ်ရှစ်ကုန်းကျေးရွာဟာ မြို့နဲ့ ၂ မိုင်သာဝေး သော်လည်းပဲ လမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲနေတဲ့ဟာ ဖြစ်တဲ့အတွက် အဆိုပါဆည်ကြောင့် ကျေးရွာကမြို့ဖြတ်တဲ့လမ်း လွယ်ကူအဆင်ပြေချောမွေ့ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းလာလိမ့် မယ်လို့ ယူဆပါတယ်။ အဆိုပါအချက် ၃ ချက် တစ်ပြိုင်တည်း အကျိုးရှိစေနိုင်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရဲ့ အရှေ့ဘက်ပဲခူးရိုးမကို အခြေခံတဲ့ စက်စက်ယို ရိုးပေါ်မှာ ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးနိုင်ပါရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော် ပေးနိုင်ခြင်း ရှိ၊ ရှိ။ တောင်တွင်းကြီးမြို့နယ်ရဲ့ မဲဆန္ဒနယ်ရှင် ပြည်သူများကိုယ်စား လေးစားစွာ မေးမြန်းအပ်ပါသည်။