(င)-အစိုးရနှင့် ပုဂ္ဂလိကဘဏ်တို့မှ စိုက်ပျိုးစရိတ်ချေးငွေ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီတွေပူးပေါင်းပြီးတော့ အချို့လည်း သီးခြားခွဲပြီးတော့ပေါ့။ တောင်သူလယ်သမားများကို သွင်းအားစုတန်ဖိုးများ အပါအဝင် စိုက်ပျိုးရေးချေးငွေတွေ ထုတ်ချေး ထားတာ ယခင့်ယခင်နှစ်များထက်ပိုပြီးတော့ အဆလည်းများတယ်။ ပမာဏလည်းများတယ်လို့ ကျွန်တော်မှတ်သားမိပါတယ်။ တောင်သူလယ်သမားများကိုယ်စား ကျွန်တော် ကျေနပ်ဝမ်းမြောက်မိပါ တယ်။ သို့သော်လည်းပဲ ဒီနှစ်ဆန်း ဇန်နဝါရီလလောက်ကစပြီးတော့ ကျွန်တော်တို့တော့ ကြွေးပြန် ဆပ်ဖို့အခက်အခဲရှိနေပြီ၊ ကြုံတွေ့နေပြီဆိုတဲ့စကားသံတွေ စတင်ပြီးကြားရပါတယ်။ ဇန်နဝါရီလ ဆန်းလောက်ကနေပြီးတော့ မတ်လလောက်မှာ ရွှေ့ပေးပါဆိုတာမျိုးလည်း ကြားပါတယ်။ မတ်လ လောက်ရောက်ပြန်တော့ တစ်မျိုးတစ်မည်ပြောကြဆိုကြတာတွေလည်း ကြားပါတယ်။ အကြောင်း ပြချက်အနေနဲ့ကတော့ နှစ်စဉ်ကြားနေကျ၊ နေရာတိုင်းမှာ စပါးဈေးကျတယ်ဆိုတဲ့ကိစ္စမျိုး၊ နောက်တစ်ချက်ကတော့ ရာသီဥတုဖောက်ပြန်တယ်ဆိုတဲ့ စကားမျိုးပါပဲ။ အဲဒီတော့ ကျွန်တော် မနေ့ကလည်းပြောပါတယ်။ စပါးစိုက်ပျိုးရေးလုပ်ငန်း အခုမှလုပ်လာတာ မဟုတ်ပါဘူး။ တိုင်းပြည် တည်ကတည်းက မြန်မာလူမျိုးတွေရဲ့ ကမ္ဘာမှာ မြန်မာ မြန်မာဟေ့လို့ မြန်မာလူမျိုးတွေ စပြီး အခြေတည်ကတည်းကိုက ဆန်စပါးစိုက်ပျိုးလာတယ်။ အဲဒီတော့ စိုက်ပျိုးစရိတ် လိုအပ်လာတယ်။ ချေးကြတယ်၊ သုံးကြတယ်ဆိုတာမျိုးက အစဉ်အလာတွေ ကြာမြင်‌့ခဲ့ပါတယ်။ ကျွန်တော့် အတှေ့အကြုံ အရဆိုလို့ရှိရင်လည်း စီမံကိန်းမှူးတစ်ယောက်အနေနဲ့ တောင်သူလယ်သမားတွေကို ငွေထုတ်ချေးတဲ့ ကိစ္စမျိုးတွေလည်း ရှေးအဆက်ဆက်ကတည်းက ကိုယ်တိုင်ပါဝင်ခဲ့ဖူးပါတယ်။ ဒီဥစ္စာတွေဟာ ဒီဘက် ခေတ်ကိုပြောင်းလာပြီပေါ့လေ။ အရင်တုန်းကတော့ နိုင်ငံတော်ကနေပြီးတော့ နောက်ကနေ ကမကထ လိုက်လုပ်ပေးတဲ့ခေတ်စနစ်ပေါ့။ ဒီဘက်ကျတော့ ကိုယ်ထူကိုယ်ထ ဈေးကွက်စီးပွားရေးခေတ်စနစ်ကို ရောက်လာပြီပေါ့လေ။ အဲဒီမှာ တစ်ယောက်ကမနိုင်ရင်တော့ နောက်တစ်ယောက်နဲ့ပူးပေါင်းပေါ့။ အဲဒီသဘောတရားမျိုးတွေလည်း ရှိလာကြပါပြီ။ အင်အားကြီးတဲ့လူက အင်အားသေးတဲ့လူကို ဖေးမကူညီပြီးတော့ လက်တွဲခေါ်ယူတဲ့ပုံစံတွေလည်းပဲ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒီအခြေအနေ၊ ဒီကာလကြီးရောက်တဲ့အချိန်မှာ Transactional Perious ဆိုတဲ့အခါမှာ စနစ်ဟောင်း လည်း နည်းနည်းကျန်မယ်ပေါ့လေ။ စနစ်သစ်ကိုလည်း တော်တော်များများလိုက်ပါကူးပြောင်းကြမှာ ပေါ့လေ။ အဲဒီလိုကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ပထမဆုံး အတွေ့အကြုံလို့တောင်စပြီး တော့တောင် မှတ်တမ်းတင်ပြီးတော့၊ သတ်မှတ်ပြီးတော့ Record လုပ်ရမယ့်ကာလဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးချင်တာကလေးက အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ဘဏ်တွေကနေပြီးတော့ မနှစ်ကထုတ်ပြီးချေးငွေတွေဟာ မည်မျှရှိပါသလဲ။ ယနေ့အထိ မည်မျှပြန်လည်ကောက်ခံရရှိပါသလဲ။ ကြွေးကျန်တွေရှိပါက ယခင်နှစ်များ၏ ကြွေးကျန်များနှင့် ပေါင်းလိုက်လို့ရှိရင် မည်မျှရှိပါသလဲ။ ချေးငွေမူဝါဒ ပြုပြင်ပြောင်းလဲရန် ရှိ၊ မရှိဆိုတာကို သိလိုတဲ့အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။