(ဆ)-အခွန်ထမ်းဆောင်မှု အခြေအနေများကို ပြည်သူသို့ အသိပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
ယခုနှစ်ထုတ်ပြန်တဲ့ ရသုံးမှန်းခြေငွေစာရင်းကိုလေ့လာရင် ရငွေနှင့် သုံးငွေနှစ်ရပ်လုံးရဲ့ကိန်ဂဏန်းတွေဟာ နိုင်ငံခြားငွေဆိုင်ရာအရအသုံးများကို ယခင်နှစ်က ၁ ဒေါ်လာ ၆၀၀ ကျပ်နဲ့စာရင်းသင့်ပြီးတော့ ဒီနှစ်မှာတော့ ၁ ဒေါ်လာ ၈၀၀ ကျပ်နဲ့ စာရင်းသင့်တဲ့ အတွက်ကြောင့် ယခုနှစ်ကိန်းဂဏန်းတွေဟာ ယခင်နှစ်များထက်နှစ်ဆလောက် မြင့်တက်နေတာကို လေ့လာတွေ့ရှိရပါတယ်။ အလားတူ ရငွေစုစုပေါင်းဟာ ကျပ် ၁၀၀၅၁.၆ ဘီလီယံ၊ GDP ရဲ့ ၁၉.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ သုံးငွေစုစုပေါင်းဟာလည်း ၁၂၀၀၆.၃ ဘီလီယံ၊ GDP ရဲ့ ၂၄. ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီလိုရှိတဲ့အတွက်ကြောင့် ဒီနှစ်လိုငွေဟာ ၁၉၅၃.၇ ဘီလီယံဖြစ်ပြီးတော့ GDP ရဲ့ ၃.၈ ရာခိုင်နှုန်းရှိတယ်လို့တွေ့ရှိရပါတယ်။ ယခင်နှစ်တုန်းကလိုငွေဟာ ၂၂၀၁.၆ ဘီလီယံ၊ GDP ရဲ့ ၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ရရှိတဲ့ အခွန်အကောက်ရာခိုင်နှုန်းကို လေ့လာရင်လည်း ကျပ် ၁၆၄၄.၃ ဘီလီယံရဖို့မျှော်မှန်းထားပြီးတော့ ဒီငွေဟာ GDP ရဲ့ ၃.၂ ရာခိုင်နှုန်းရှိတယ်လို့ တွေ့ရပါတယ်။ ယခင်နှစ်ထက်ကျပ်ငွေ ၅၄၇ ဘီလီယံ ပိုမိုရမယ်လို့မျှော်မှန်းထားတဲ့သဘောဖြစ်ပါ တယ်။ ရသုံးခန့်မှန်းခြေကိုလေ့လာရင် နှစ်စဉ် GDP ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းလောက်လိုငွေ ပေါ်ပေါက်နေတာတွေ၊ နှစ်စဉ်ဖြည့်စွက်ရန်ပုံငွေအတွက်ကြောင့် လိုငွေပြနေတာတွေနဲ့ အဓိကကတော့ အခွန်အကောက်ဝင်ငွေလျော့နည်းနေတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရငွေတွေ တိုးပွားပြီးတော့ လိုငွေတွေနည်းပါးလာဖို့အတွက် ရငွေပိုင်းမှာအခွန်အကောက်ငွေများကို ပိုမိုတိုးပွားဖို့ အတွက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခွန်အကောက်ငွေကိုလေ့လာတော့လည်း အခွန်တိမ်းရှောင် မှုတွေ၊ အခွန်လျော့ပါးဖို့ကြိုးစားတာတွေ၊ အခွန်အကောက်စနစ်ထင်သာမြင်သာမရှိတာတွေ၊ အခွန်နှုန်းအမျိုးမျိုးနဲ့ ရှုပ်ထွေးနေတာတွေနှင့် အခွန်စနစ်ရဲ့အားနည်းချက်နဲ့ ချို့ယွင်းချက်တချို့ ရှိတာတွေကိုလည်းတွေ့ရှိရပါတယ်။ မကြာသေးမီက နိုင်ငံတော်က ပုဂ္ဂလိကပိုင်လွှဲပြောင်းမှုတွေပြုတဲ့ အတွက်ကြောင့် အရှိန်အဟုန်နဲ့ ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေဟာ စိုက်ထုတ်မှုလျော့နည်းသွားပြီးတော့ လုပ်ငန်းရှင်တွေရဲ့ငွေတွေ၊ အထွေထွေပေးသွင်းမှုတွေ အလုံးအရင်းနဲ့ရလာတာကိုလည်းတွေ့ရပါတယ်။ နိုင်ငံတော်မှကောက်ခံတဲ့အခွန် ၁၅ မျိုးမှာ အဓိကအခွန် လေး မျိုးဖြစ်တဲ့ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်တွင်းသုံးစွဲမှုအပေါ်ကောက်ခံနေတဲ့ အခွန်တွေ၊ ဝင်ငွေနှင့် ပစ္စည်းပိုင်ဆိုင်မှုအပေါ်မှာ စည်းကြပ်ကောက်ခံတဲ့အခွန်တွေနဲ့ သုံး အကောက်ခွန်၊ လေး နိုင်ငံပိုင်ပစ္စည်းသုံးစွဲမှုအပေါ်မှာကောက်ခံတဲ့အခွန် လေး မျိုးကို အဓိက ကောက်ခံတာကိုတွေ့ရှိရပါတယ်။ ဒီငွေတွေကို နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားကာကွယ်ရေး အသုံးစရိတ်၊ တရားဥပဒေစိုးမိုးရေးအသုံးစရိတ်၊ လူနေမှုအသုံးစရိတ်၊ မရှိမဖြစ်လိုအပ်တဲ့ စားသုံးမှု အပေါ်ကအသုံးစရိတ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အသုံးစရိတ်များ များစွာသုံးစွဲနေရတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့လာမယ့်ကာလတွေမှာ လိုငွေနည်းပါးဖို့အတွက် အဓိကကျတဲ့ အခွန်ကောက်ခံမှုနှင့်ပတ်သက်လို့ မေးလိုတဲ့မေးခွန်းကတော့ (၁) နိုင်ငံတော်အတွင်းမှာလုပ်ငန်းရှင် များရဲ့လုပ်ငန်းအလိုက် အခွန်ထမ်းဆောင်မှုအခြေအနေများကို ပြည်သူကိုအသိပေးဖို့အစီအစဉ်ရှိ၊ မရှိဖြစ်ပါတယ်။ (၂) အစီအစဉ်ရှိခဲ့ရင် မည်သည့်အချိန်မှာ မည်သို့အသိပေးထုတ်ပြန်မည်ကို ပြည်သူများ သိရှိစေလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။