(ခ)-သတ္တုတွင်းဥပဒေအရ လက်လုပ် လက်စားလုပ်ကွက်များ ခွင့်ပြုပေးရန်နှင့် သတ္တုတွင်း ဥပဒေ နှင့်အညီ တရားဝင်လုပ်ကိုင်ခွင့်နှင့် လိုအပ်သော အမိန့်ညွှန်ကြားချက် များ ထုတ်ပြန်ပေးထားခြင်းရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်မှာ တိုင်းရင်းသားလူမျိုးများစွာ နေထိုင်ကြပြီး ကျောက်မျက်ရတနာ၊ သတ္တု၊ စက်မှုကုန်ကြမ်း ပစ္စည်းအစရှိသော ဓာတ်သတ္တု၊ တွင်းထွက်သယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝသော ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသားများဟာ ရှေးနှစ်ပေါင်းများစွာ ကလည်း မိမိ၏စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းအပြီး ပွင့်လင်းရာသီကာလမှာ အပိုဝင်ငွေ ရရှိအောင်ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းကို လက်လုပ်လက်စား၊ တစ်ပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိကြပါတယ်။ ထိုသို့လုပ်ကိုင်ရာမှာ ရွှေသတ္တုထွက်ရှိနိုင်သည်ဟုယူဆသော နေရာများစွာ၌စမ်းသပ်ရှာဖွေ လုပ်ကိုင်ကြရပါတယ်။ ကုန်ကျစရိတ်အဆုံးရှုံးခံ၍စမ်းသပ်ရှာဖွေကြရပါတယ်။ ဥပဒေအရ တရားဝင် လုပ်ကိုင်ခွင့်မရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများဟာ အောက်ခြေအုပ်ချုပ်ရေးအာဏာပိုင် များ၏စာနာစွာခွင့်ပြုမှုအောက်တွင်သော်လည်းကောင်း၊ မိမိတို့အစီအစဉ်ဖြင့်သော်လည်းကောင်း ရွှေတူး ဖော်လုပ်ကိုင်လျက်ရှိကြရာမှာ ပြည်သူများမှာ ဥပဒေချိုးဖောက်မှန်းမသိ ချိုးဖောက်လုပ်ကိုင် စားသောက်လျက်ရှိကြပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁ မှာ နိုင်ငံတော်သည် ပြည်သူများအလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှကူညီဆောင်ရွက်ရမည်။ အခြေခံဥပဒေပုဒ်မ ၂၂ (ဂ) မှာ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင် ရွက်မည်ဟုဖော်ပြထားပါတယ်။ ယခုအခါ နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ်အရ ပြည်သူတို့၏လိုအင်ဆန္ဒတွေကိုဖြည့်ဆည်း ဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။ ရွှေသတ္တုလက်လုပ်လက်စားလုပ်ကိုင်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ကို တစ်နည်းတစ်လမ်းဖြင့် ကူညီရာရောက်မယ်လို့ထင်ပါတယ်။ မြန်မာ့သတ္တုတွင်းနည်းဥပဒေပုဒ်မ ၄၃ မှာ ဝန်ကြီးဌာနအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ဧရိယာလုပ်ကွက်များတွင် သတ္တု၊ စက်မှု၊ တွင်းထွက်ကုန်ကြမ်းပစ္စည်း သို့မဟုတ် ကျောက်များနှင့်စပ်လျဉ်းသည့် လက်လုပ်လက်စား လုပ်ကိုင် ခြင်းလုပ်ငန်းကို လုပ်ကိုင်လိုသည့်ပုဂ္ဂိုလ်သည် ခွင့်ပြုမိန့်ရရှိရန် သက်ဆိုင်ရာသတ္တုတွင်းလုပ်ငန်း သို့မဟုတ် ဝန်ကြီးဌာနကလုပ်ပိုင်ခွင့်အပ်နှင်းထားသည့်အရာရှိထံသို့ ပုံစံ ၅ ဖြင့်လျှောက်ထားရမည်ဟု ဖော်ပြထားရှိပါတယ်။ ဥပဒေနှင့်အညီစနစ်တကျ ခွင့်ပြုဆောင်ရွက်စေပါက ပတ်ဝန်းကျင်ပျက်စီးမှု ကိုလည်း ကာကွယ်ထိန်းသိမ်းစေနိုင်ပါတယ်။ သို့ဖြစ်ပါ၍ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေအရ ရွှေသတ္တုတူးဖော်ခြင်းနှင့်ပတ်သက်ပြီး အကြီးစားလုပ်ကွက်၊ အသေးစားဧက ၂၀ လုပ်ကွက်နှင့် လက်လုပ်လက်စား ဝ.၅ ဧကလုပ်ကွက်များဟူ၍ ခွင့်ပြုလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ကချင် ပြည်နယ်အတွင်းတွင် ဒေသခံပြည်သူများသည် မိမိ၏စားဝတ်နေရေးအတွက် ရွှေတူးဖော်ခြင်းကို မိရိုးဖလာအစဉ်အဆက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်လာခဲ့ရာ ထိုသို့လုပ်ကိုင်မှုကို ဥပဒေနှင့်အညီ ဖြစ်စေရန်အတွက် သတ္တုတွင်းဝန်ကြီးဌာနမှ သတ္တုတွင်းဥပဒေအရ လက်လုပ်လက်စား ၅ ဧက လုပ်ကွက်များခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ လေးစားစွာမေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ဆက်လက်ပြီး မေးမြန်းလိုပါတယ်။ ကချင်ပြည်နယ်ဟာ ကျောက်စိမ်းကျောက်မျက်ရတနာထွက်ရှိရာ ဖားကန့်မြို့တည်ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ကချင် ပြည်နယ်သူ ပြည်နယ်သားများဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် ကျောက်စိမ်း၊ ရွှေ၊ သတ္တု အစရှိသည်များကိုတူးဖော်လျက်အသက်မွေးဝမ်းကျောင်းလျက်ရှိကြပါတယ်။ သို့ဖြစ်ရာ ကျောက်မျက် ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်းလုပ်ငန်းများကို မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၁၇ အရ ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ သို့မဟုတ် အသင်းသည် ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာ အရိုင်းကိုမှတ်ပုံတင်၍ ရတနာခွန်ထမ်းဆောင်ပြီးလျှင် ယင်းကျောက်မျက်ရတနာအရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်းပြုလုပ်၍ ကျောက်မျက်ရတနာပြုလုပ်ခွင့်၊ လက်ဝတ်ရတနာပြုလုပ်ခွင့် ရှိသည်ဟုဖော်ပြထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၈၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းနှင့် ဇယား ၄(ဂ)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာ ဥပဒေကို ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ပြုထားပါတယ်။ သို့သော် ထိုသို့ဥပဒေပြုရာ၌ သတ္တုတွင်းဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ ကိုအခြေခံ၍ ဥပဒေပြုရမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများဟာ ကျောက်မျက်ရတနာနှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် များကို ကျယ်ပြန့်စွာသိရှိနားလည် သဘောပေါက်မှုမရှိကြသည်ကိုလည်း ဝန်ခံရမည်ဖြစ်ပါတယ်။ ဥပဒေကိုကျေညက်စွာသိကျွမ်းမှုမရှိသဖြင့် ဥပဒေနှင့်မညီသော လုပ်ငန်းဆောင်ရွက်မှုတချို့ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ဆက်တွဲဇယား ၂ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းမှ ကျောက်မျက်ဖြတ်တောက်ခြင်း၊ သွေးခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုထားရာသတ္တုတွင်းဥပဒေနှင့်အညီ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်မြို့နယ်များတွင် တရားဝင်လုပ်ကိုင်ခွင့်ရှိ၊ မရှိနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ လိုအပ် သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များ ပြည့်စုံစွာ ထုတ်ပြန်ပေးထားခြင်းရှိ၊ မရှိမေးခွန်းကို မေးမြန်းအပ်ပါသည်။