(ဃ)-ဆည်(စံပြ)ကျေးရွာတွင် ချောင်းရေတိုက်စားမှုကာကွယ်ပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲရှိ ဆည်(စံပြ) ကျေးရွာ၌ မိုးရာသီတွင် ရွာ၏အရှေ့ဘက်နံဘေးရှိ ဥယျာဉ်ချောင်းကြီးဟာ ရေစီးအားသန် သဖြင့် ယမန်နှစ်က လူနေအိမ်ခြေ ၅၀ သဲပုတ်သွားခြင်း၊ ဥယျာဉ်ခြံမြေ ၃ ခု သဲပုတ်သွားခြင်း၊ စိုက်ပျိုးမြေ ၁၅ ဧက သဲဖုံးလွှမ်းသွားခြင်း၊ ဘုန်းကြီးကျောင်းတံတိုင်း ၅ ကန့် ပျက်စီးသွားခြင်း၊ မူလတန်းလွန်ကျောင်း အခန်း ၃၀ ပျက်စီးသွားခဲ့ပါတယ်။ ရပ်ရွာအနေနဲ့လူအင်အား၊ နွားလှည်း အင်အားဖြင့် ဆည်ဖို့ကာကွယ်ခြင်း၊ မြေတွန်းစက်ကြီးများဖြင့် ရေလွှဲမြောင်းပြုလုပ်ပေးခြင်း၊ သစ်ပင် များစိုက်၍ကာကွယ်ခြင်း၊ ထန်းလုံး၊ အုန်းလုံးများ၊ ဆူးလုံးများဖြင့် ကာကွယ်ခြင်း၊ သဲအိတ်များဖြင့် ကာကွယ်ခြင်းစတဲ့ ၄ ကြိမ် ကြိုးစားပြုလုပ်ခဲ့ပါသော်လည်း ရေစီးအားသန်သဖြင့် ၄ ကြိမ်ကြိုးစား လုပ်ထားသမျှအားလုံး မျှောပါပျက်စီးသွားခဲ့၍ အချည်းအနှီးဖြစ်သွားခဲ့ရပါသည်။ ယခုနှစ် ဇွန်လ ၉ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မိုးကုတ်ဝိပဿနာ အဆောက်အဦတံတိုင်းပါသွား ခဲ့ပါတယ်။ သို့ပါ၍ နည်းပညာဖြင့် ကာကွယ်ထိန်းသိမ်းမှရမည်ဖြစ်ပါတယ်။ အချိန်မီကာကွယ် ထိန်းသိမ်းမှုမပြုလုပ်ပါက နောက်ထပ် အိမ်ခြေ ၇၀၀ ခန့် တိုက်စားသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရေရှည်တည်တံ့ခိုင်မြဲအောင် မည်ကဲ့သို့လုပ်ပေးနိုင်မည်။ မည်သည့်အချိန်တွင် လုပ်ပေးနိုင်မည်ကို သိရှိလိုပါသည့်အတွက် မေးမြန်းအပ်ပါသည်။