(စ)-စက်မှုဇုန်ရှိ အရက်ချက်၊ သကြားစက်ရုံနှင့် အခြားစက်ရုံပေါင်းစုံမှ ညစ်ညမ်းစွန့်ပစ်ပစ္စည်း များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မနှင့် အညီ ဆောင်ရွက်ရန် နှင့်စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်ရှိ အရက်ချက်စက်ရုံ၊ သကြားစက်ရုံနှင့် အခြားစက်ရုံပေါင်းစုံမှ ညစ်ညမ်းစွန့်ပစ်ပစ္စည်းများသည် အမရပူရမြို့နယ်အတွင်းရှိ နတ်ရေကန် ကျေးရွာအုပ်စု၊ စောက်တောဝကျေးရွာအုပ်စုနှင့် ဆာဒိုးမြို့ပြင်ကြီးကျေးရွာအုပ်စုအနီးတို့မှ ဖြတ်သန်း၍ ဒုဋ္ဌဝတီမြစ်အတွင်းသို့ စွန့်ပစ်လျက်ရှိကြပါတယ်။ ညစ်ညမ်းစွန့်ပစ်ပစ္စည်းများကြောင့် အမရပူရ မြို့နယ် တောင်အင်းနှင့် မြောက်အင်းများ၌ ဂေဟစနစ်ပျက်စီးလျက်ရှိပြီး ဒုဋ္ဌဝတီမြစ်ရေ ညစ်ညမ်းခြင်း၊ နတ်ရေကန်ကျေးရွာအုပ်စုမှ စည်ပင်၊ ဝဝ၊ ချောက်ဆိပ်ကုန်း၊ စောက်တောဝကျေးရွာ အုပ်စုမှ မင်းရွာမြေ၊ ဆာဒိုးမြို့ပြင်ကြီးကျေးရွာအုပ်စုမှ ဆာဒိုးရွာ၊ မြို့ပြင်ကြီးရွာတို့ရှိ ကျေးရွာနေ ပြည်သူများကနေ ဖြတ်သန်းသွားလာနေသော ရဟန်းရှင်လူပြည်သူများ အနံဆိုးရှူရှိုက်နေရသော ကြောင့် ကျန်းမာရေး ဆိုးကျိုးများ ခံစားနေကြရသည်မှာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်ရှိ အရက်ချက်စက်ရုံ၊ သကြားစက်ရုံနှင့် အခြားစက်ရုံပေါင်းစုံမှ ညစ်ညမ်းစွန့်ပစ်ပစ္စည်းများအား အမရပူရမြို့နယ်အတွင်း စွန့်ပစ်နေမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၇ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲ(ဈ)၊ ပုဒ်မခွဲ(ည)အရလည်းကောင်း၊ ပုဒ်မ ၁၀ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၅ အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့မှဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ဆောင်ရွက်ရန် အစီအစဉ်ရှိလျှင် မည်သည့်အချိန်ကာလ၌ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။