(ဇ)-ကျူးကျော်သူများအား ဘဝရပ်တည်မှုအာမခံချက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
လူ့ဘဝမှာအရေးကြီးဆုံးက စားဝတ်နေရေးဖြစ်ပါတယ်။ ဒီထဲမှာ နေရေး၊ ထိုင်ရေးဟာ မရှိမဖြစ် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်း အလားတူ နေထိုင်ရေးအခက်အခဲများစွာနဲ့ တွေ့ကြုံနေရတဲ့ ကာလအားဖြင့် ကြာမြင့်ပြီဖြစ်တဲ့ ကျူးကျော်သူမြောက်မြားစွာရှိပါတယ်။ ဒီလိုအခြေအနေမျိုးရောက်နေသူများကို ကျူးကျော်သူများလို့ ပတ်ဝန်းကျင်က သုံးနှုန်းကြတာဖြစ်ပါတယ်။ ကျူးကျော်သူများကို လေ့လာရင် မိမိဒေသအတွင်းမှာ အိမ်ထောင်ခွဲထွက်ပြီးတော့ မိမိကျေးရွာရပ်ကွက်မှာပဲ ပြန်လည်နေထိုင်ကြတဲ့ ကျူးကျော်သူများနဲ့ နာဂစ်ဖြစ်တဲ့ကာလတုန်းကလို မြစ်ဝကျွန်းပေါ်ဒေသကနေ ရန်ကုန်တိုင်းအတွင်း ပြောင်းရွှေ့လာတဲ့ မိမိ ရဲ့ဘဝရပ်တည်ဖို့အတွက် ရေကြည်ရာမြက်နုရာရှာဖွေရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် ရောက်ရှိ လာတဲ့ ကျူးကျော်ဆိုပြီးတော့ ၂ မျိုးတွေ့ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ နိုင်ငံအတွင်းမှာ သွားလာလုပ်ကိုင်နေတဲ့ ဒေသတွင်းကျူးကျော်တွေလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီနှစ်မျိုးဟာ ကျွန်တော်တို့နိုင်ငံအတွင်းမှာ များစွာရှိပါတယ်။ ကျွန်တော်တို့ မဲဆန္ဒနယ်ဖြစ်တဲ့ ရွှေပြည်သာ မြို့နယ် မှာသာ ၂၀၀၀၀ နီးပါးခန့်ရှိပါတယ်။ ဒီလို ကျူးကျော်လို့ခေါ်တဲ့ လုပ်သားပြည်သူများဟာ နိုင်ငံသား များသာဖြစ်ပြီးတော့ စားဝတ်နေရေးမပြေလည်ကြသလို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာလည်း အခက်အခဲများစွာကို ကျော်လွှားပြီးတော့ ဘဝရပ်တည်နေရသူတွေလည်း ဖြစ်ပါတယ်။ ယနေ့ ရပ်ကွက်များအတွင်းမှာ ပလပ်နေတဲ့မြေတွေ၊ ပိုင်ရှင်ရှိပြီးတော့ ပိုင်ရှင်လာရောက် နေထိုင် ခြင်းမရှိတဲ့ကွက်လပ်တွေ၊ စက်မှုဇုန်လို့ သတ်မှတ်ထားတဲ့ကွက်လပ်တွေမှာ ရပ်ကွက်က တာဝန်ရှိသူများကို ညှိနှိုင်းပြီးတော့ ငွေကြေးအကုန်ကျခံပြီးတော့ နေထိုင်နေကြတာ ွဖစ်ပါတယ်။ ကျူးကျော်ဘဝကို ကြီးရင့်လာရင် အခြေအနေမဲ့ဘဝကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်သားရနေပြီလို့ပြောတဲ့ တချို့နိုင်ငံကြီးတွေမှာတောင် လမ်းမကြီးတွေရဲ့ဘေးမှာ ဥပဒေမဲ့နေထိုင် ကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ နိုင်ငံအနေနဲ့တော့ မြေသယံဇာတ ကြွယ်ဝသလို ဖန်တီးနိုင်စွမ်းလည်းရှိတာမို့ နိုင်ငံတော်အပိုင်းကလည်း ကျူးကျော်လုပ်သားပြည်သူ များအတွက် စာရင်းကောက်ယူတာတွေ၊ ဥပဒေပြုတာတွေ၊ နေရာထိုင်ခင်းစီစဉ်ပေးတာတွေ အစီအမံတွေကို အလေးအနက်ထားဆောင်ရွက်ဖို့ လိုပြီဖြစ်သလို ဥပဒေနှင့်ဆောင်ရွက်မယ့်ကိစ္စတွေကို မလုပ်ခဲ့ရင် ဥပဒေမယ့်ဆောင်ရွက်မှုတွေ ဥပဒေမယ့်အားပေးကူညီမှုတွေ ဆက်ပြီးတော့ရှိလာမှာ ဖြစ်ပါတယ်။ ကျူးကျော်နေထိုင်ရေးဟာလည်း ဒီမိုကရေစီနိုင်ငံ လျှောက်လှမ်းနေတဲ့အချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကို စနစ်တကျနဲ့ Reform လုပ်ပေးနေတာတွေ အလေးအနက်ထားပြီး စီမံပေးနေတာတွေ တစ်နှစ်ကျော်ကာလသာရှိသေးတဲ့ လွှတ်တော်ကြီးရဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့ စည်းကမ်းစနစ်တကျ ပြည်သူအသံနားထောင်ပြီး ပြောဆိုဆွေးနွေးဥပဒေပြုနေကြတာတွေကို သူတို့ အနေနဲ့ အတတ်ပညာအားနည်းပေမယ့်၊ အသိပညာပြည့်ဝစွာနဲ့ အားကိုးတကြီး စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကျူးကျော်သူများနဲ့ပတ်သက်လို့ မေးလိုတဲ့မေးခွန်းကတော့ -
(၁) နိုင်ငံတော်မှာရှိတဲ့ ကျူးကျော်သူများစာရင်း ကောက်ယူထားွခင်းရှိ၊မရှိ။ မရှိခဲ့ရင် ကောက်ယူဖို့ အစီအစဉ်ရှိ၊မရှိ။
(၂) ၎င်းကျူးကျော်သူများကို သူတို့ရဲ့ ဘဝရပ်တည်ဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အာမခံချက် ပေးနိုင်တဲ့အထိ နိုင်ငံတော်အနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊မရှိ။
(၃) အစီအစဉ်မရှိခဲ့ရင် များစွာသောကျူးကျော်သူများနှင့် ထပ်မံတိုးပွားလာမယ့် ကျူးကျော် သူများကို ဘယ်လိုဆောင်ရွက် ပေးမလဲဆိုတဲ့ အစီအမံများကို သိလို၍ မေးမြန်းခြင်း ဖြစ်ပါသည်။