(က)-ဖုန်းလိုင်းများ ပြတ်တောက်မှု မရှိစေရေးအတွက် စက်ပစ္စည်းအသစ် တပ်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမိုက်ခရိုဝေ့ဗ်စခန်း အနေဖြင့် ကြိုးဖုန်းလိုင်း ၅ လိုင်းဖြင့် အဝေးဆက်သွယ်မှုကို စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် အော်တိုကြိုးဖုန်း နေရာ ၆၅ လုံး၊ ဆယ်လူလာဖုန်း နေရာ ၇၄ လုံးဖြင့် ဆောင်ရွက်နေပါသော်လည်း ဆက်သွယ်ရေး ပြတ်တောက်မှုများနှင့် ကြုံတွေ့နေခဲ့ရပါတယ်။ မိုးမိတ်မြို့နယ်မှာ မြို့နှင့် ၁၈ မိုင်ကွာတဲ့ ရွှေလီမြစ်ပေါ်မှာ ၁၀၅၀ မဂ္ဂါဝပ် ထွက်ရှိမည့် ရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်လျက်ရှိနေပါသဖြင့် ဆက်သွယ်ရေးလုပ်ငန်း ပြတ်တောက်မှုကင်းဝေးစေရန် အထူးလိုအပ်လှပါ တယ်။ မကြာခဏဆိုသလို လျှပ်စစ်ဓာတ်အားပေးမှုနှင့် စက်ပစ္စည်းဟောင်းနွမ်းမှုများကြောင့် အဝေးလိုင်းများ ပြတ်တောက်မှုရှိကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ယင်းကဲ့သို့ အဝေးလိုင်းပြတ် တောက်မှုမရှိစေရန်အတွက် (က) စက်ပစ္စည်းအသစ်လဲလှယ်ပေးရန် သို့မဟုတ် တပ်ဆင်ပေးရန် အစီအစဉ်ရှိပါသလား။ (ခ) အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ပြုလုပ်ဆောင်ရွက်ပေး မည်ကိုသိလိုပါကြောင်း မေးမြန်းအပ်ပါသည်။