(ခ)တောင်သူလယ်သမား အခွင့်အရေး နှင့်စပ်လျဉ်းသည့်မေးခွန်း
ရှေးယခင် ခေတ်အဆက်ဆက်က မြေယာပိုင်ဆိုင်ခွင့် အမျိုးမျိုးရှိခဲ့သော်လည်း နိုင်ငံတော်က သာလျှင် ပိုင်ရှင်ဖြစ်သည်ဟု အြခေခံမူဝါဒချမှတ်ခြင်းပြုလုပ်ပြီး ထိုမှတဆင့် လက်ရှိ လယ်လုပ်သူ မူရင်းလက်ငုတ်ဖြစ်ကြသော တောင်သူလယ်သမားများသာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရှိစေရမည် ဟူသော ဦးတည်ချက်ဖြင့် သီးစားချထားရေး ဥပဒေကို ၁၉၆၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါတယ်။ ဦးခွေးနှင့် ကိုရေး ပါ ၂ ၊ ၁၉၅၆ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၉ တွင် ပင်မကျင့်ထုံး ဥပဒေကလည်း တောင်သူလယ်သမားများကို အတော်အသင့် ကာကွယ်ပေးထားပြီးဖြစ်ပါတယ်။ ထိုအခွင့်အရေးများ နှင့် မလုံလောက်သေးဟု ယူဆသဖြင့် တော်လှန်ရေးအစိုးရက တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေကို ၁၉၆၃ ခုနှစ် တွင် ဖြည့်စွက် ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ယင်း ဥပဒေ၌ တစ်ဖက်တွင် တောင်သူလယ်သမားများနှင့် တစ်ဖက်တွင် မြေရှင်၊ ငွေရှင်တို့ ဖြစ်ပွား ကြသော တင်ပြမှုများနှင့် အဓိကအားဖြင့် သက်ဆိုင်ပါတယ်။ ဥပဒေ၏ ရည်ရွယ်ချက် အနှစ်သာရ မှာလည်း တောင်သူ လယ်သမား အချင်းချင်း ရိုင်းပင်းကူညီ၍ စည်းလုံးကြခြင်းလည်း ပါဝင်ပါတယ်။ တောင်သူ လယ်သမားတို့၏ အကျိုးကို ရည်စူး၍ ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် တောင်သူလယ်သမား အကျိုးကို ထိုဥပဒေများက ကာကွယ် စောင့်ရှောက်ပေးခဲ့သဖြင့် တောင်သူလယ်သမားများစွာ စိတ်ချမ်းမြေ့ခဲ့ရပြီး ဥပဒေ၏ အကာအကွယ်ဖြင့် တောင်သူလယ်သမား များ လူမှုဘဝလုံခြုံမှု ရှိသည်ဟု ကျေနပ်ခံစားမိခဲ့ကြပါသည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က နာဂစ်မုန်တိုင်း ဝင်ရောက်သဖြင့် ပျက်စီးသွားသော စီးပွားရေးနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံမဖြစ်ထွန်းခဲ့ရသည့် ဆင်းရဲမွဲတေမှုဒဏ်ကို တောင်သူလယ်သမားများ ခါးစည်းခံခဲ့ရပါသည်။ ထို့ပြင် တောင်သူတို့၏ လယ်ယာမြေများကို လျော်ကြေးငွေ အနည်းငယ်ဖြင့် ဇွတ်သိမ်းယူခြင်း၊ အတင်းအကြပ် လက်မှတ်ထိုးခိုင်းပြီး အရင်းရှင်များ၏ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်း၊ ၎င်းတို့၏ လယ်ယာမြေစီမံကိန်းကြီးများ အကောင်အထည် ဖော်ရန်၊ လယ်ယာစီးပွားဘက်စုံ သီးနှံ နှစ်ရှည်ပင် စီမံကိန်းများ အကောင်အထည်ဖော်ရန် သိမ်းယူခြင်း စသည်တို့ကြောင့် တောင်သူလယ်သမားများ လယ်မဲ့၊ ယာမဲ့ ဆောက်တည်ရာ မရဖြစ်နေကြသည်ကို တွေ့မြင်ကြားသိနေရသဖြင့် စိတ်ချမ်းမြေ့ မှုမရှိပါ။ ကိုယ်တိုင် ခံစားနေရသူ တောင်သူ လယ်သမားများအတွက်မူ ဆိုဖွယ်ရာမရှိပါ။
ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်အသီးသီးနှင့် ပြည်သူတို့ ရွေးချယ်ခဲ့ ကြသော ပြည်သူ့ကိုယ်စားလှယ်၊ ကိုယ်စား ပြောကြားပေးမည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိနေပါသည်။ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်သော ပြည်သူကိုအကာအကွယ်ပေးမည့် အစိုးရ တစ်ရပ်လည်း ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။ ပြည်သူများက ပြည်သူတို့တင်မြှောက်သော အစိုးရအပေါ် ယုံကြည်ကိုးစား အားထားလျက်ရှိနေပါသည်။ ထို့ကြောင့် အောက်ပါ မေးခွန်းကို ဝန်ကြီးမှ တဆင့် ဖြေကြားပေးစေလိုပါသည်ခင်ဗျား။
အထက်တွင် တင်ပြခဲ့သည့်အတိုင်း တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှု ဖြစ်စဉ်များကို ဝန်ကြီး အနေဖြင့် သိရှိပြီးဖြစ်ပါသည်။ ထိုကဲ့သို့ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှု ဖြစ်ရပ်ဖြစ်စဉ်များကို ၁၉၆၃ ခုနှစ် ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သည့်ဥပဒေ ၊ ၁၉၆၃ ခုနှစ်၊ သီးစား ချထားရေးဥပဒေ၊အခြားသက်ဆိုင်သောလုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ထားပြီးသော ညွှန်ကြားချက်၊ အမိန့်စသည်တို့နှင့်အညီ ကိုင်တွယ်ဖြေရှင်း ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။