(ခ)-နိုင်ငံရေးပင်စင်ခံစားခွင့် ဆောင်ရွက်ပေးမှုအခြေအနေကို သိရှိလိုကြောင်းနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-21

 

ဝမ်းတွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ကျွန်တော်မေးခွန်းတင်တဲ့ ဇွန်လ ၂၂ ရက်နေ့အထိ လျှောက်ထားသူစာရင်းဟာ  ၁၆၆  ဦးရှိပါတယ်။  အဲ့ဒီ  ၁၆၆ ဦးထဲက ၁၇ - ၈ - ၂၀၁၁ မှာ  ၁၅  ဦး၊  ၁၉-၈-၂၀၁၁ မှာ ၈ ဦး၊ ၂၃-၈-၂၀၁၁ မှာ ၂၇ ဦး၊ စုစုပေါင်း ၅၀ ဦးတို့ဟာ နိုင်ငံရေးပင်စင်လစာများ ထုတ်ယူ ခံစားနေရပြီဖြစ်ပါတယ်။ နောက်ထပ် ၇ ဦး နိုင်ငံရေးပင်စင်ထပ်မံကျတယ်လို့သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျန်ရှိတဲ့ဦးရေ ၁၀၉ ဦး စာရင်းအရသိရှိရပါတယ်။ ဝမ်းတွင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကနေပြီးတော့ နိုင်ငံရေးပင်စင်ထုတ်ယူရန်ကျန်ရှိနေတဲ့ ၁၀၉ ဦးအတွက် နိုင်ငံရေးပင်စင်ထုတ်ယူရရှိရေးအတွက် ဆောင်ရွက်ထားခဲ့ပါတယ်။ အဲ့ဒီ ၁၀၉ ဦးမှာ ကိုယ်တိုင် လျှောက်ထားတဲ့လူ ၈၅ ဦးဟာလည်း ပင်စင်လစာမရရှိသေးတဲ့အတွက် မှီခိုနေရတဲ့မိသားစုများဟာ လည်း ဘဝရပ်တည်ရေးခက်ခဲပင်ပန်းကြရပါတယ်။ ဒါ့အပြင် ပင်စင်စားလင်ယောက်ျားသေဆုံးသွားတဲ့ အတွက် မိသားစုပင်စင်လျှောက်ထားတဲ့ ၂၄ ဦးတို့မှာလည်း အဆင်မပြေမှုများနဲ့ကြုံတွေ့နေကြရပါ တယ်။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့မြို့နယ်အတွင်း နိုင်ငံရေးပင်စင် ကိုယ်တိုင်လျှောက်ထားသူ ၈၅ ဦးနှင့် မိသားစုပင်စင် ၂၄ ဦး၊ စုစုပေါင်း ၁၀၉ ဦးရှိနေသကဲ့သို့ ကိုယ်စားလှယ်များရဲ့မြို့နယ်များမှာလည်း အခက်အခဲများရှိနေမယ်လို့ယုံကြည်မိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တင်ပြခဲ့တဲ့ နိုင်ငံရေးပင်စင်ထုတ်ယူရန်ကျန်ရှိတဲ့ပုဂ္ဂိုလ်များအတွက် အမြန်ဆုံးထုတ်ပေး ဆောင်ရွက်နိုင်ရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။