(ဃ)အမျိုးသားပညာရည် မြင့်မားရေး နှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်ကြီး အခုလို ဖွံ့ဖြိုးတိုးတက်ရာမှာ ပညာရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကို ကမ္ဘာ့အဆင့်မီ ပညာရေးစနစ် ဖြစ်ရန်မှာ အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်နှင့်တကွ ကျောင်းသူ၊ ကျောင်းသားများ ပြည်သူလူထုကြီးတစ်ရပ်လုံးက နိုင်ငံတော်၏ ပညာရေးစနစ်တိုးတက်လာမှုကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကြပါတယ်။ ကိုယ့်သားသမီး များ ကမ္ဘာ့အဆင့်မီပညာရပ်များ သင်ကြားရပြီလို့ ဝမ်းမြောက်ကြည်နူးနေသော ကာလလည်း ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ လည်း အမျိုးသားပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်ရဲ့ ပညာရေးဆိုင်ရာ မူဝါဒချမှတ် ဆောင်ရွက်ခြင်း၊ သင်ကြားရေးနှင့် သုတေသနပြုရေး ကိစ္စရပ်များကို အရည်အသွေး မြင့်မားစွာဆောင်ရွက်နိုင်ရန် စီမံနေခြင်း၊ တက္ကသိုလ်များတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးမာတိကာများ နိုင်ငံတကာအဆင့်မီရန် Curriculum Development Teams-CDT များဖွဲ့၍ နိုင်ငံတကာ အဆင့်မီသင်ရိုးများအဖြစ် ဆောင်ရွက်နေခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် အာဆီယံတက္ကသိုလ်ကွန်ယက် ASEAN Universities Network - AUN အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်နေခြင်း၊ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ တရုတ် အစရှိသော တက္ကသိုလ်များနှင့်ချိတ်ဆက်၍ သုတေသန ပြုလုပ်ခြင်း၊ သင်ကြားရေးဌာနများ ပူးပေါင်းဖွင့်လှစ်ခြင်း၊ ဧည့်သည်ပါမောက္ခများ လာရောက်ပို့ချခြင်း စသောလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ဖြစ်အောင် ဆောင်ရွက်နေကြောင်း သိရပါ သဖြင့် အလွန်အားရ ကျေနပ်ဝမ်းသာနေမိပါတယ်။
လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ပညာရေးစနစ် တိုးတက်သည်ထက်တိုးတက်အောင် အမျိုးသား ပညာရည်မြင့်မားရေး အနှစ် ၃၀ နှစ်ရှည်စီမံကိန်း လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်နေ ကြောင်းလည်း သိရပါတယ်။ အခုကျွန်တော်တင်ပြခဲ့တာကတော့ တက္ကသိုလ်အဆင့်ဖြစ်ပါတယ်။ အဲဒီတော့ အခြေခံပညာကဏ္ဍမှာလည်း နှစ် ၃၀ နှစ်ရှည်စီမံကိန်းများဖြင့် ပညာရည်မြင့်မားအောင် ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။ ယင်းကဲ့သို့ ပညာရေးအဆင့်အတန်း မြင့်မားစေရန် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွန်တော်တို့အနေနဲ့ တစ်ဖက်တစ်လမ်းက အစဉ်တစိုက် ဝိုင်းဝန်း ကူညီ စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါကြောင့် ဆက်လက်ဆောင်ရွက်မည့် ပညာရေးကဏ္ဍမှာ ရှေ့ယခင်ဝိုင်းဝန်းကူညီ ပံ့ပိုးခဲ့သည့်အတိုင်း ဆက်လက်ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်အောင် ကြိုတင် စီမံနိုင်ဖို့အတွက် ပညာရေးကဏ္ဍမှာ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။