(က)စစ်တွေမြို့သောက်သုံးရေပေးရေး စီမံကိန်း နှင့်စပ်လျဉ်းသည့်မေးခွန်း
နှစ်ပေါင်း ၇၀ ကျော် အင်္ဂလိပ် ကိုလိုနီခေတ်တွင် စစ်တွေမြို့ လူဦးရေသုံးသောင်းကိုခန့်မှန်းပြီး အရည်းတော်ကုန်းတွင်မြေဧက ၁၀ ကျော် ကို ရေလှောင်ကန်အဖြစ် တည်ဆောက်ပြီး မြို့သူမြို့သားများအား အိမ်ပေါက်စေ့ သံပိုက်လုံးများနဲ့ ရေပေးဝေခဲ့ပါတယ်။ မိုးရေချိန်လက်မ ၂၀၀ ကျော်နဲ့ လူဦးရေ ထိုအချိန်တွင် ကိုက်ညီသော်လည်း ယခုအခါ လူဦးရေ နှစ်သိန်းကျော် တိုးလာပါတယ်။ ရေကန်၏ အောက်ခြေမှာ အပေါက်ကြီးများဖြင့် ပေါက်ပြဲနေပါတယ်။ သံပိုက်လုံးများမှာလည်း သံချေးတက်ပြီးတော့ ပျက်စီးနေပါတယ်။ ရာသီဥတု ဖောက်ပြန်လာ တဲ့ အခုအခါ သတ်မှတ်တဲ့ရေကို မရရှိခဲ့ပါ။ ရာသီမရွေး ပျက်စီးခြင်းမျိုးစုံနဲ့ ကြုံတွေ့နေရပြီး ရေမရရှိခဲ့ပါ။ ၄ မိုင်ခန့် ဝေးတဲ့ အောင်လံ ငါးမွေးမြူရေး ရေကန် မှ ရေမှာလည်း မသန့်မရှင်းနဲ့ သယ်ယူရန် အလွန် ခဲယဉ်းပါတယ်။ အောင်လံရေလွှတ်တဲ့သတင်းကို ရတဲ့ မြို့သူမြို့သားများဟာ ရေကိုမသုံးဘဲ အဝီစိကိုသုံးကြပါတယ်။ အဝီစိတွင်းများမှ ရေကိုသုံးပြန်လျှင် လည်း ပင်လယ်နဲ့နီးတဲ့အတွက် ဆားငန်ရေ ပေါက်ပါတယ်။ ဒါကြောင့် တချို့နေရာတွေမှာ လောကနိဗ္ဗာန် ထူထောင်နိုင်တဲ့နေရာမှာ အခု စစ်တွေမြို့မှာ အဝီစိကို ရောက်သွားပြီဆိုပြီးတော့ စစ်တွေသားတွေ ရယ်စရာပြောနေပါတယ်။ စစ်တွေမြို့သူ မြို့သားများ သောက်သုံးရေ အလွန်တရာ အခက်အခဲ တွေ့နေရပါတယ်။ ရေလွှတ်ချိန်နဲ့ လျှပ်စစ်မီးပေးချိန် လွဲချော်နေတဲ့အတွက် ပိုပြီးတော့ ခက်ခဲနေပါတယ်။
သို့ဖြစ်ပါ၍ -
(က) စစ်တွေမြို့သူ မြို့သားများ သောက်သုံးရေ အခက်အခဲဖြစ်နေသည်ကို သိပါသလား။
( ခ ) ရေ အခက်အခဲရှိသည်ကို သိလျှင် ရေလှောင်ကန်ကြီးလုပ်ရန် စီမံကိန်းရှိပါသလား။
( ဂ ) စီမံကိန်းရှိလျှင် မည်သည့်အခါ လုပ်ပေးပါမည်နည်း။