(ဂ)-လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ကမ္ဘာ့နိုင်ငံတော်တော်များများတွင် စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ အောင်မြင်ချောမွေ့စွာ ပြောင်းလဲခြင်း ကဲ့သို့သော သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ဂုဏ်ပြု မင်္ဂလာ ယူသည့်အနေဖြင့် ပြည်သူအပေါင်းအား ရွှင်လန်းဝမ်းမြောက်ဝမ်းသာ ရှိကြစေရန် ရည်ရွယ်၍ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အစဉ်အလာများ ရှိခဲ့ပါသည်။ ယခုလည်း ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်ကြီးကို အောင်အောင် မြင်မြင် ချောချောမွေ့မွေ့ဖြင့် ကူးပြောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ထိုကဲ့သို့သော မင်္ဂလာ အခါသမယတွင် ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသော ဦးခွန်ထွန်းဦး ၊ ဦးစိုင်းညွန့်လွင်နှင့် ဦးဆေထင့် တို့နှင့်အတူ အခြားသော အကျဉ်းကျ ပုဂ္ဂိုလ်များ လွတ်ငြိမ်းချမ်းသာခွင့်ရကြလိမ့်မည်ဟု ရိုးသားစွာ ယုံကြည်မျှော်လင့် ထားမိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သစ်ကြီးကို ထူထောင်ပေးတဲ့ ခေါင်းဆောင်ကြီးများက တိုင်းရင်းသား ပြည်သူအပေါင်း ဝမ်း‌ြမောက်ဝမ်းသာ ရှိကြစေရန် ဆောင်ရွက်ပေးရာတွင် မည်သူ့ကိုမျှ ခြွင်းချက် မထားဘဲ စိတ်သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ခြင်းတရားလက်ကိုင်ထား၍ မည်သို့ မည်ပုံ စဉ်းစား ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။