(ဃ)-ဖွဲ့စည်းဖြစ်ပေါ်လာမည့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)  အုပ်ချုပ်ရေးကဏ္ဍမှာ ပုဒ်မ ၂၈၉ အရ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ၊သမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ အုပ်ချုပ်ရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများရဲ့ ဆောင်ရွက်ချက်များဟာ နေ့တစ်ဓူ၀ လူထုနဲ့ ထိစပ်ဆောင်ရွက်ရတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ကောင်းခြင်း မကောင်းခြင်းဟာ နိုင်ငံတော်အစိုးရရဲ့ ဂုဏ်သိက္ခာ အတက်အကျကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၂၈၉ အရ ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အတွက်ကြောင့် ရပ်ရွာလူထုဆန္ဒပါဝင်ရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ ဒါကို ပထမ မေးခွန်းအနေနဲ့ ရပ်ကွက်နှင်‌့ ကျေးရွာအုပ်ချုပ်ရေးတွင် တာဝန်ယူမည့် ပုဂ္ဂိုလ်များကို မည်ကဲ့သို့ ရွေးချယ်စိစစ်တာဝန် ပေးအပ်မည်ကို သိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးနိုင်ရန် တင်ပြအပ်ပါတယ်။   ဆက်လက်ပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တွေဟာ လူထုအတွင်းမှာ နေ့စဉ် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေရတဲ့အတွက်ကြောင့် အာဏာအလွဲသုံးခြင်း ၊ ကိုယ်ကျိုးရှာခြင်းများ ဖြစ်ပေါ် လာနိုင်ပါတယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ ပြည်သူလူထုရဲ့ ကြည်ညိုလေးစားမှုမရှိခြင်းနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ပါတယ်။ အဲဒီလို မလိုအပ်တဲ့ ကိစ္စတွေ မပေါ်ပေါက်စေရန်အတွက် ထိုပုဂ္ဂိုလ်များကို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးသင့် တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ နံပါတ် ၂ မေးခွန်းအနေနဲ့ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေး တာဝန်ပေးအပ်ထားသူများကို မည်ကဲ့သို့ ချီးမြှင့်မည်၊ မည်ကဲ့သို့ ဥပဒေနဲ့အညီ ထိန်းကျောင်းမည်ကို သိရှိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးပါရန် တင်ပြအပ်ပါတယ်။ တစ်ဆက်တည်းမှာဘဲ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးကို တာဝန်ပေးအပ်ရာမှာ ကာလရှည်ကြာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ထမ်းဆောင်ဖူးသူများ ရှိနေပါတယ်။ ဒါ့ကြောင့်မို့လို့ တတိယမေးခွန်းအနေနဲ့ အဲဒီပုဂ္ဂိုလ်များကို ဖွဲ့စည်းဖြစ်ပေါ်လာမယ့် အုပ်ချုပ်ရေးကဏ္ဍမှာ ဆက်လက်တာဝန်ပေးအပ်ခြင်း ရှိ၊ မရှိနဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးတာဝန် ပေးအပ်ခြင်းကို ရာထူးသက်တမ်း အကြိမ်မည်မျှ သတ်မှတ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။