(စ)-အမတော်ကြေးကို တိုးမြှင့် ပေးရေးအစီအစဉ်နှင့် စပ်လျဉ်းသည့်မေးခွန်း။

2020-12-21

 (က)   ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ပုဒ်မ ၂၈၉ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညို လေးစားပြီး သိက္ခာ၊ သမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနဲ့အညီ ခန့်အပ်တာဝန် ပေးဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားတဲ့နေရာမှာ ဥပဒေနဲ့အညီ မည်သည့် နည်းလမ်းဖြင့် ခန့်အပ်တာဝန်ပေးပါမည်နည်း။

(ခ)     ဆောင်ရွက်ပုံ နည်းစနစ် သို့မဟုတ် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းပေးနိုင် ပါမည်လား ဆိုပြီးတော့ ကျွန်တော်မေးထားတာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ သိတော်မူကြတဲ့အတိုင်းဘဲ ကျွန်တော့်မေးခွန်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရည်ညွှန်းထားတာ ဖြစ်တဲ့အပြင် ယေဘူယျ ဆန်လွန်းတဲ့အတွက် အနည်းငယ်ရှင်းလင်းပြဖို့လိုမှာဖြစ်ပါတယ်၊၊

အဲဒါကြောင့် ကျွန်တော်ဆက်လက်ရှင်းလင်းခွင့်ပြုပါရန် တစ်ဆက်တည်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးခွန်းမေးရတဲ့ ရည်ရွယ်ချက်ကတော့ ရပ်ရွာက ကြည်ညို လေးစားပြီး သိက္ခာသမာဓိရှိသည့်ပုဂ္ဂိုလ်ဆိုတာကို ဘယ်လိုစံနဲ့ရွေးပါသလဲ။ ကျေးရွာအုပ်စုတစ်ခုမှာ ရွာတွေ အများကြီးရှိတဲ့အနက် ဘယ်ရွာက ပုဂ္ဂိုလ်ကို ရွေးမှာလဲ။ ရွေးတဲ့နေရာမှာ အရင်တုန်းကလို အဖွဲ့လိုက် မဟုတ်ဘဲနဲ့ တစ်ဦးတည်းဆိုတော့ကာ ဘယ်စနစ်နဲ့ရွေးမှာလဲ။ နောက်တစ်ချက်က ဥပဒေနဲ့ အညီ ခန့်အပ်တာဝန်ပေးဖို့ဆိုတာ ဘယ်ဥပဒေကို ရည်ညွှန်းတာပါလဲဆိုတာ ကျွန်တော်မရှင်းပါဘူး။ ကျွန်တော်နားလည်တာကတော့ ဥပဒေနဲ့အညီ အုပ်ချုပ်တယ်ဆိုတာ အများဆန္ဒနဲ့အညီ အုပ်ချုပ်တာ ကိုခေါ်တာ ဖြစ်ပါတယ်။ ထိုနည်း၎င်းပဲ ရပ်ရွာက ကြည်ညိုလေးစားသော သိက္ခာ၊ သမာဓိရှိ သည့် ပုဂ္ဂိုလ်ဆိုတာကလည်း အများဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ လေ့လာချက်တွေ ၊ အုပ်ချုပ်ရေးအတွေ့အကြုံတွေအရ လွတ်လပ်ရေးရပြီးစ ဖဆပလ ၊ ပထစ ခေတ်မှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးကို သူကြီး တစ်ဦးတည်းက ကိုင်ပါတယ်။ သူကြီးကို ဆန္ဒမဲစနစ်နဲ့ရွေးကောက်တင်မြှောက်ပါတယ်။ ၁၉၇၄ ခုနှစ်၊ ပြည်သူ့ကောင်စီလက်ထက် ကျတဲ့အခါကျတော့ အရင်တုန်းကအခေါ် ရွေးချယ်တင်မြှောက်ပွဲနဲ့ ရွေးပါတယ်။ အဖွဲ့လိုက်ရွေးချယ်တာ ဖြစ်ပါတယ်။ elected body ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ နောက်ပိုင်းကျတော့ နဝတ ၊ နယက ခေတ်မှာ ဆန္ဒမဲနဲ့ ရွေးချယ်တဲ့စနစ်မရှိတော့ဘဲနဲ့  appointed သဘောဆန်တဲ့ ၊ ခန့်အပ်တဲ့သဘောဆန်တဲ့ အခြေအနေဖြစ်လာပါတယ်။ တိတိကျကျလုပ်ထုံးလုပ်နည်း သတ်မှတ်ထားတာ ကျွန်တော် မတွေ့ရပါဘူး။ အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီး တဲ့နောက် လွှတ်တော်များ ပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ကို စနစ်တကျ ရွေးချယ် တာဝန်ပေးဖို့ လိုအပ်လာပြီလို့ ကျွန်တော်ယူဆပါတယ်။ ရွေးကောက်ပွဲနဲ့သွားမှ ဒီမိုကရေစီ ခေတ်စနစ်နဲ့ အံဝင်ခွင်ကျဖြစ်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သတ်သတ်မှတ်မှတ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် တင်ပြချင်တာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဆင့်ဟာ နိုင်ငံတော်ရဲ့ အခြေခံ အုပ်ချုပ်ရေးယူနစ်ဖြစ်တာကြောင့် အလွန်အရေးကြီးလှပါတယ်။ ရပ်ကွက်ကျေးရွာအုပ်စု ပီပီပြင်ပြင် ၊ အုပ်ချုပ်ရေး ပီပီပြင်ပြင်မရှိရင် အထက်အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ Image လို့ခေါ်တဲ့ ပုံရိပ်ကို ထိခိုက်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရဲ့ ပါတီတွေရှိလာတာကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးလုပ်ငန်းမှာ ရှုပ်ထွေးမှုတွေ၊ဘက်လိုက်မှုတွေ ရှိလာနိုင်ပါတယ်။ အုပ်ချုပ်ရေးကို နိုင်ငံရေး နှင့် ကင်းကင်းရှင်းရှင်း ထားနိုင်ပါမှ အများကြည်ညိုလေးစားလာအောင် ပွင့်လင်းစွာ ဆောင်ရွက် နိုင်ပါမှ ကျွန်တော်တို့ အုပ်ချုပ်ရေး ယန္တရား ပိုမိုသွက်လက်ထက်မြက်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရပ်ကွက် / ကျေးရွာ အုပ်စုအုပ်ချုပ်ရေးတာဝန်ကို စနစ်တကျ ခန့်အပ်တာဝန်ပေးနိုင်ရန် အလို့ငှာ ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း မေးမြန်းပါသည်။