(ဂ)-တည်ဆဲ ဥပဒေ၊ နည်းဥပဒေနှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ပြည့်စုံစွာ စုစည်း၍ စာအုပ်စာတမ်းများအဖြစ် ထုတ်ဝေ ရောင်းချပေးရန် ရှိ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်း လိုက်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုအခါ လွှတ်တော်အသီးသီးတွင် ပြည်သူ လူထုကရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် ပြည်သူလူထုအတွက် သင့်တော် မည့် ဥပဒေများကို ပြုစုရန်၊ မလိုအပ် ခေတ်မမီတော့တဲ့ ဥပဒေများကို ပယ်ဖျက်ရန် ကြီးလေးသည့်
တာဝန်များရှိလာပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မြန်မာ နိုင်ငံတော်တွင် လက်ရှိအာဏာသက်ရောက်လျက်ရှိသော ဥပဒေများ၊ နည်းဥပဒေများနှင့် ဥပဒေကဲ့သို့ အာဏာတည်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏အမိန့်များ ကိုပြည့်စုံစွာ သိရှိရန်မှာ လွန်စွာမှ အရေးကြီးလှပါတယ်။
သို့ဖြစ်ပါ၍ အဆိုပါလွှတ်တော်ကိုယ်စားလှယ်ကြီးများ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန် တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ပြည့်စုံစွာစုစည်း၍ စာအုပ်၊ စာတမ်းများအဖြစ် ထုတ်ဝေရောင်းချပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။