(ဂ)-ကြံတောင်သူများနှင့် ကိုင်းတောင်သူများ၏ စိုက်ပျိုးစရိတ်ချေးငွေကိစ္စ ဆောင်ရွက်ပေးပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

 

ကြံသီးနှံစိုက်ပျိုးထုတ်လုပ် သောတောင်သူများအား စပါးနှင့်မိုးဆောင်းသီးနှံများနည်းတူ ထိုက်သင့်သော စိုက်ပျိုးစရိတ်ချေးငွေများရရှိရေးနှင့် ဆောင်းသီးနှံဆီထွက်သီးနှံဖြစ်တဲ့ မြေပဲနှင့် အခြားပဲအမျိုးမျိုး စိုက်ပျိုးထုတ် လုပ်သော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် ထုတ်ချေးငွေ ကွာခြားမှု မများစေ ပဲ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များဖြစ်ပါတယ်။

ကျန်သီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်ပြီးတော့ လက်လှမ်း မီသလောက် တင်ပြလိုပါတယ်။ အထူးသဖြင့် နိုင်ငံတော်ပုဂ္ဂလိက သကြားစက်ရုံစီမံကိန်းများ တည်ရှိရာနေရာများဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာတော့ ကြံသီးနှံစိုက်ပျိုးမှုဧက တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။ အထက်ပိုင်းဒေသများဖြစ်တဲ့ ထီးချိုင့်မြို့နယ်မှာဆိုရင် ကြံစိုက်ဧက ၅၆၀၂၀ ဧက၊ ကသာမြို့နယ်မှာ ဆိုရင် ကြံစိုက်ဧက ၅၀၁၀၈ ဧကနှင့် သပိတ်ကျင်းမြို့နယ်ဆိုရင် ကြံစိုက်ဧက ၁၀၀၀၀၊ စုစုပေါင်း ဧရာဝတီမြစ်အထက်ပိုင်း ကြံစိုက်ဧကဒေသတွေမှာ စိုက်ပျိုးဧက ၁ သိန်းကျော်ရှိနေတာကို တွေ့ရှိနေရ ပါတယ်။ ကြံစိုက်တောင်သူများရဲ့ အခြေအနေကို တင်ပြရမယ်ဆိုရင် နိုင်ငံတော်မှ ထုတ်ချေးပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေကို ဘယ်ကာလကမှ ရရှိခဲ့ခြင်း မတွေ့ရပါဘူး။ စိုက်ပျိုးစရိတ်အတွက် ပြင်ပပုဂ္ဂလိကများထံမှ အတိုးနှုန်းမြင့်မားစွာဖြင့် ချေးယူနေကြပြီး အတိုးပေါ် အတိုးဆင့် မှုများကြောင့် ဘဝပျက်ခဲ့ရတဲ့ တောင်သူများစွာ ရှိခဲ့ကြပါတယ်။ သို့အတွက် ကြံစိုက်တောင်သူများကို ဘဝရပ်တည် ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေရရှိရေး နိုင်ငံတော်မှ စဉ်းစားပေးသင့်ပါကြောင်း တင်ပြလိုပါတယ်။ သို့ပါ၍ စိုက်ပျိုး ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်း‌ကျောင်း ပြုကြသူချင်း အတူတူပင် ဖြစ်လင့်ကစား ခံစားခွင့်များ ဆုံးရှုံးနေမှုများအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကြံသီးနှံစိုက်ပျိုးစရိတ် ချေးငွေများရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြလိုပါတယ်။ တစ်ဆက်တည်း တင်ပြလိုသောကိစ္စကတော့ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကိစ္စပဲ ဖြစ်ပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို သင့်တင့်မျှတသော အနေအထားနှင့် ထပ်မံတိုးမြှင့်ပေးခြင်း အစီအစဉ်ရှိ၊ မရှိမေးခွန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင်က ၂၈-၈-၂၀၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၃၄) ရက် မြောက်နေ့ အစည်းအဝေး၌ တင်ပြခဲ့ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက တိုးမြှင့်ပေးမည့်အစီအစဉ် မရှိသေးဘူး လို့သိရတော့ မေးမြန်းတင်ပြဖို့ အားလျော့သွားပါတယ်။ သတင်းစာပါအချက်အလက်ကို ပြန်ကြည်‌့တဲ့ အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာနက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ချေးမယ့် ချေးငွေ အမျိုးအစား အားလုံးအတွက် ရန်ပုံငွေတွက်ချက်လျာထားဆောင်ရွက်ပြီးဖြစ်လို့ ဆောင်းသီးနှံ အတွက် နှုန်းထားတိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားထားချက်ကို သိရှိရတဲ့အတွက် ဒီနှစ်မရရင် ရှေ့နှစ်စဉ်းစားပေးပါရန် တောင်သူများကိုယ်စား မေးမြန်းရခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းသီးနှံနှင့်ပတ်သက်ပြီး စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေးမှု တင်ပြလိုပါတယ်ခင်ဗျား။ အခုအခြေအနေမှာ စပါးဆိုရင် တစ်ဧက တိုးမြှင့်ချေးငွေ ၅၀၀၀၀ ကျပ် ဖြစ်လာတဲ့အတွက် တောင်သူများ ကျေနပ်ဝမ်းမြောက်ကြရပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးတစ်ဧက ဆိုလျှင် ၁၀၀၀၀ ကျပ်ရရှိပြီး ပဲအမျိုးမျိုးလည်း ဒီလောက်ပဲရပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ မြေပဲတစ်ဧကရဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ဟာလည်း စပါးနှင့်မကွာလောက်ပါဘူး။ သိပ်ပြီး မကွာလှတဲ့အတွက် ကိုင်းတောင်သူများကလည်း စိုက်ပျိုးစရိတ်ချေးငွေကို စပါးစိုက်ပျိုး စရိတ်ချေးငွေ နှင့် ကွာဟမှုနည်းပါးစွာ ထုတ်ချေးခွင့်ရရှိတဲ့ဆန္ဒများရှိကြောင်း သိရှိရပါတယ်။ သို့အတွက် ကိုင်း တောင်သူများရဲ့ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း နိုင်ငံတော်မှ စဉ်းစားပေးဖို့သင့်ပါကြောင်း တင်ပြလို ပါတယ်။

ဒီနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မပေးနိုင်သေးဘူးဆိုရင် လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ရေး စဉ်းစားပေးသင့်ပါတယ်။ ဒါမှလည်း ကိုင်းတောင်သူများရဲ့ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးရေးတိုးတက် လာစေမှာ ဖြစ်ပါတယ်။ နိဂုံးချုပ် အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေမရရှိသေးတဲ့ ကြံတောင်သူများအတွက် စဉ်းစားဆောင်ရွက်ပေးရေး အစီအမံများနှင့် စိုက်ပျိုးစရိတ်ချေးငွေကွာဟချက်ရှိနေသော ကိုင်းတောင်သူများရဲ့ စိုက်ပျိုးစရိတ် ချေးငွေ ဆောင်ရွက်ပေးမည့် အခြေအနေများ သိရှိလိုပါကြောင်း မေးမြန်းပါသည်။