(စ)-ပိတ်ဆို့တားဆီးမှုများ အပေါ်မည်သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

မန္တလေးမှ တရုတ်ပြည်နယ်စပ် မူဆယ်မြို့သို့ သွားသောလမ်းမကြီးတွင် စစ်ဆေးရေး     ဂိတ်ကြီး  ၃ ခု ရှိသည့်အနက် မန္တလေးနှင့် ပြင်ဦးလွင်အကြားရှိ ၁၆ မိုင်ယာဉ် စစ်ဆေးရေးဂိတ်သည် တရုတ်ပြည်နယ်စပ်သို့ တင်ပို့မည့် ကုန်စည်တင်ကားများကို သာမက၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သာသွားရောက်မည့် ကုန်စည်တင်ကားများကိုလည်း ဆန်၊ ပဲ၊ ဂျုံ၊ ဆီ စသည့် ကုန်စည်များကို သယ်ဆောင်မသွားနိုင်စေရန် တားဆီးပိတ်ဆို့မှုများရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာရှမ်းပြည်နယ်

(မြောက်ပိုင်း)တွင်နေထိုင်သော ပြည်သူများက ထိုဂိတ်မှပင် မှောင်ခို ဖြတ်သန်းလာသော ပြည်တွင်း ထွက်စားသောက်ကုန်များကို ဈေးကြီးစွာ ပေးဝယ်စားရခြင်းသာ အဖတ်တင်ပါသည်။

ထို့ပြင် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများမှ စိုက်ပျိုး ထုတ်လုပ်သူ များမှာ မိမိတို့ထုတ်လုပ်သည့်ပစ္စည်းများ တင်ပို့ရောင်းချရာ ဈေးကွက်တစ်ခုကို ပိတ်ဆို့ထားသလို ဖြစ်သွားသဖြင့် ဈေးကောင်းမရနိုင်တော့ပါ။ထိုနည်းတူစွာပင် လားရှိုးနှင့်သီပေါကြားတွင်ရှိ Tollgateမှ နေ၍ ကြက်ပေါက်များ၊ အသားစားကြက်နှင့်ဥကုန်ကြက်မများ  ဖြတ်သန်းသွားလာ ခွင့်ကို ပိတ်ပင် တားဆီးခဲ့သည်မှာကြာပါပြီ။ ထိုလုပ်ရပ်ကြောင့် လားရှိုးမြို့ရှိ စားသုံးသူများ ကြက်သားကို ဈေးကြီး ပေးဝယ်စားရသဖြင့် လားရှိုးဒေသတွင် ကြက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာသည် မှန်သော်လည်း ကြက်ပေါက်နှင့် ကြက်သားလုံလောက်အောင် မဖြည့်ဆည်းပေးနိုင်သဖြင့် မူဆယ်၊ နမ့်ခမ်းနှင့် တရုတ်နယ်စပ်ရှိ ကျွန်တော်တို့ မွေးမြူရေးသမားများ ရရှိထားသော ကြက်သားဈေးကွက်မှာ ဆုံးရှုံးသွားခဲ့သည် ဖြစ်ပါသည်။ ဤသည်တို့မှာ နိုင်ငံတော်က ကျင့်သုံးနေသော ဈေးကွက်စီးပွားရေး စနစ်နှင့်ကောင်းစွာ  ဆန့်ကျင်နေပါသည်။ ထိုသို့သော တားဆီးပိတ်ဆို့မှုများသည် ရေတိုအတွက် ပြည်တွင်းစားသုံးကုန်များ ဈေးမတက်စေရန် အသုံးဝင်သော်လည်း ရေရှည်တွင်မူ နိုင်ငံ၏စိုက်ပျိုး မွေးမြူထုတ်လုပ်ရေးကို ထိခိုက်စေပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် နောင်တက်လာမယ့် အစိုးရသစ်က ထိုသို့သော ပိတ်ဆို့တားဆီးမှုများအပေါ် မည်သို့သဘောထားရှိသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။