(က)-အောင်ပန်း-ဟန်မြင့်မိုရ် လမ်း အဆင့်မြှင့် ပြင်ဆင်ပေးရန် အစီအစဉ် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

နယ်မြေဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချောမွေ့မှုအပေါ်မှာ အဓိကမူတည်နေပါတယ်။ အောင်ပန်း-ဟန်မြင့်မိုရ်လမ်းဟာ ကျောက်ဆည်မြို့နဲ့ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်တို့ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ လမ်းတစ်လမ်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အထက်မြန်မာပြည်ဆက်သွယ်ရာ ဗျူဟာလမ်းဖြစ်သလို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ အဓိကလမ်းလည်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလမ်းဟာ ယခင် အစိုးရ များလက်ထက်ကတော့ လှည်းလမ်းသာသာလေးပဲ ရှိခဲ့ပါတယ်။ ၁၉၈၉ခုနှစ်နောက်ပိုင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်မှာမှ ရာသီမရွေး၊ အချိန်အခါမရွေး သွားလာနိုင်တဲ့ လမ်းဖြစ်လာခဲ့ပါတယ်။ လမ်းကောင်းလာတာနဲ့အမျှ ယာဉ်သွားလာမှုမှာလည်း ခါတိုင်းထက် ပိုမိုပေါများလာခဲ့ရာ ဒေသတွင်းနေ တိုင်းရင်းသား ပြည်သူများရဲ့ စီးပွားရေး၊ လူမှုရေး အပိုင်းတွေမှာလည်း တိုးတက်လာခဲ့တာ အမှန်ပင် ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်အခါမှာ လမ်းကြောင်းပေါ်မှာရှိတဲ့ တံတားတချို့နဲ့ လမ်းအပိုင်း နေရာ တော်တော်များများမှာ ဆိုးဆိုးရွားရွား ပျက်စီးလာနေတာကို မြင်တွေ့နေရပါတယ်။ သို့ဖြစ်ရာ လိုအပ်တဲ့နေရာတွေမှာ လက်ရှိအနေအထားမှ အဆင့်မြင့်မြင့် ပြန်လည်ပြင်ဆင်ပေးဖို့ အစီအစဉ် ရှိပါသလား။ ဒါမှမဟုတ် B.O.T စနစ်ဖြင့် ပြန်ပြင်ဆင်ပေးဖို့ အစီအစဉ်ရှိပါသလား။ အစီအစဉ် မရှိသေးပါက ဓနုဒေသ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်ပေး နိုင်မယ်ဆိုတာကို သိလိုပါကြောင်း မေးမြန်းပါသည်။