(င)-ရန်ကုန်-ပြည် ဧရာဝတီသင်္ဘောလေးများ တစ်ပတ်လျှင် တစ်ရက်သာ ပြေးဆွဲနေမှုကို တိုးမြှင့်ပြေးဆွဲ ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်မှာ ကားလမ်း၊ ရထားလမ်းများ တိုးချဲ့ဖွင့်လှစ်ဖောက်လုပ်ပြေးဆွဲလျက်ရှိသော်လည်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများနှင့် မြို့များမှာ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးပိုင် ဧရာဝတီ သင်္ဘောလေးများကို အားကိုးအားထားပြုပြီးတော့ သွားလာနေရဆဲဖြစ်ပါတယ်။ အရင်တုန်းက ရန်ကုန်-ပြည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ခရီးစဉ်မှာ ဧရာဝတီသင်္ဘောလေးများဟာ နေ့စဉ်အစုန် အဆန်ရှိခဲ့သဖြင့် ကုန်တင်ပို့ခြင်းနှင့် ခရီးသွားလာရေးမှာ များစွာအဆင်ပြေခဲ့ပါတယ်။ အခုအခါမှာ အဲဒီသင်္ဘောလေးများဟာ တစ်ပတ်လျှင်တစ်ကြိမ်သာ ပြေးဆွဲလျက်ရှိတဲ့အတွက် ကုန်စည်သယ်ပို့ရေး နှင့်ခရီးသွားလာရေးမှာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း မဲဆန္ဒရှင်ပြည်သူများက တင်ပြလာ တာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေနဲ့ မေးခွန်း ၂ ခုကို မေးမြန်းလိုပါတယ်။ (၁) ယခု ပြေးဆွဲလျက်ရှိသည့် တစ်ပတ်လျှင် တစ်ကြိမ်ထက် တိုးမြှင့်ပြီးပြေးဆွဲပေးနိုင်ခြင်းရှိ၊မရှိ။ (၂) ယခုလက်ရှိ ပြေးဆွဲနေတဲ့ ဧရာဝတီသင်္ဘောလေးများဟာ အိုမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက် အသစ်အစားထိုးပြီးတော့ လဲလှယ်ပြေးဆွဲနိုင်ခြင်းရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။