(ဃ)-ဆွမ်ပရာဘွမ်နှင့် ပူတာအို အကြား မော်တော်ကားလမ်းကို ရာသီမရွေး သွားလာနိုင်ရန် မည်သို့စီမံထားရှိသည်ကို သိလိုကြောင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

မြစ်ကြီးနား ဆွမ်ပရာဘွမ်နဲ့ ပူတာအို မော်တော် ကားလမ်းနဲ့ ပတ်သက်၍ မေးခွန်းတစ်ရပ်ကို အောက်ပါအတိုင်း မေးမြန်းလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး မှာ အရေးကြီးတဲ့ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကချင်ပြည်နယ်၊ မေခ၊ မလိခ မြစ်ကြောင်း တစ်လျှောက်မှာ ရေအားလျှပ်စစ်စီမံကိန်းကြီးများကို အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဒီရေအားလျှပ်စစ်စီမံကိန်းတွေက  ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေနဲ့ နိုင်ငံတော် တစ်ဝှမ်း လျှပ်စစ်မီးလင်းရေးအတွက်သာမက စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်  ဖော်ရာမှာ အထောက်အကူဖြစ်စေမှာမို့ ကျွန်တော်တို့ ပြည်သူများက များစွာမျှော်လင့်တောင့်တလျှက် ရှိပါတယ်။ လက်ရှိစီမံကိန်း အကောင်အထည်ဖော်နေဆဲ ကာလမှာလည်း လုပ်ငန်းလိုအပ်ချက်အရ မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ် အကြား ၁၃၂ မိုင် အကွာအ‌ဝေးရှိတဲ့ မော်တော်ကားလမ်းကို ကွန်ကရစ်လမ်းမကြီးအဖြစ် ဖောက်လုပ်ပေးမည်ဖြစ်သည့်အတွက် နှစ်ကာလများစွာ ခရီးသွားလာရေး ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူများအနေဖြင့် ဝမ်းသာလို့မဆုံးဖြစ်နေပါတယ်။ ကျွန်တော်တို့ ပူတာအို ဒေသခံများအနေဖြင့် မြစ်ကြီးနားအပါအဝင် အခြားဒေသများသို့ ခရီးသွားလာရေး ကုန်စည် ပို့ဆောင်ရေး ကိစ္စအ၀၀မှာ မြစ်ကြီးနား-ပူတာအို မော်တော်ကားလမ်းနဲ့ လေကြောင်းလိုင်းကိုသာ အားထားနေကြရတာ ဖြစ်ပါတယ်။ သာမန် ပြည်သူများအဖို့ မော်တော်ကားလမ်းကို အဓိက အားထား အသုံးပြုနေရပါတယ်။ နှစ်စဉ်မိုးရာသီကာလမှာ ကားလမ်းကြောင်းများ ပျက်စီးခြင်းနှင့် တောင်ပြိုခြင်း များကြောင့် သွားလာနိုင်ခြင်းမရှိဘဲ လေကြောင်း လိုင်းတစ်ခုတည်းကိုသာစုပြုံ အားကိုးရသည့်အတွက် ပြည်သူများ များစွာဒုက္ခရောက်နေကြပါတယ်။ ယခု ရေအားလျှပ်စစ်စီမံကိန်းကြောင့် မြစ်ကြီးနားနှင့် ပူတာအိုအကြား ၂၁၈ မိုင် ကားလမ်းကြောင်းမှာ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်အကြား ၁၃၂ မိုင် ကားလမ်းအပိုင်း ကောင်းသွားမည်ဖြစ်တာကြောင့် လွန်စွာအားရကျေနပ်မိသော်လည်း ကျန်တဲ့ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုအကြား ၈၆ မိုင်အကွာအ‌ဝေးကားလမ်း အပိုင်းကတော့ မကောင်းနိုင်ဘဲ ကျန်ရှိနေတဲ့အတွက် ဆွမ်ပရာဘွမ်နဲ့ ပူတာအိုအကြား မော်တော်ကားလမ်းကို ရာသီမရွေး သွားလာ နိုင်သည့် အဆင့်မြင့် လမ်းဖောက်လုပ်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံထားရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။