(င)-ရာသီအလိုက်သီးနှံများကို လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့် နှင့်စပ်လျဉ်းသည့်မေးခွန်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာမှာ အမျိုးသားစီးပွားရေးဘ၀ မြင့်မားရေးသည် အခြေခံကျလျက် ရှိပါတယ်။ အမျိုးသားစီးပွားရေးဘ၀ တိုးတက်မြင့်မားစေရန် နိုင်ငံတော်၏ ပင်ရင်းမူလ လယ်ယာကဏ္ဍကို နိုင်ငံတော်က အလေးထား မြှင့်တင်ပေးနေသည်ကို တွေ့ရှိရပါသည်။ အလားတူ တောင်သူလယ်သမားများ၏ လူမှုဘ၀ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးနေသည်ကို လည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံထားတဲ့ စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အလုပ်လုပ်သူ ဦးရေ၏ အများစုဟာ တောင်သူလယ်သမားများ ဖြစ်တဲ့ အတွက်ကြောင့် တောင်သူ လယ်သမားများဟာ ကျွန်တော်တို့အတွက် ကျေးဇူးရှင်လည်း ဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ တောင်သူလယ်သမားများဟာ ယခင်က များသောအားဖြင့် မိုးစပါး တစ်သီးစားတည်းကိုသာ အစဉ် တစိုက် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နှစ်သီးစား စိုက်နိုင်တဲ့ လယ်ယာဆိုတာ အင်မတန်နည်းပါးတဲ့ ပမာဏ ရှိခဲ့ပါတယ်။ ယခုမှာတော့ တစ်သီးစားသာစိုက်တဲ့ လယ်ယာဆိုတာ မရှိ သလောက် နည်းပါးသွားပြီး များသောအားဖြင့် မိမိ လယ်ယာမြေနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် စပါးနှင့် သီးနှံမျိုးစုံ များကို နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးနိုင်ကြပြီ ဖြစ်သလို သီးထပ်သီးညှပ် စိုက်ပျိုးနည်းကို တွဲဘက်စိုက်ပျိုးလာသည်ကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အခြားရာသီအလိုက် သီးနှံများဖြစ်တဲ့ အစေ့ထုတ်ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ချက်ကြံ၊ ဖရုံသီး၊ သခွားမွှေး၊ ပဲပုတ် စသည့် သီးနှံများကို သင့်လျော်တဲ့ ဆိုင်ရာဒေသအလိုက် စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်နေသည်ကို တွေ့ရှိရပါတယ်။
ထိုသို့ သင့်လျော်တဲ့ ဆိုင်ရာဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ခြင်းဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ တောင်သူလယ်သမား တစ်ရပ်လုံးရဲ့ လူမှုဘ၀ အခြေမြင့်တက် လာပြီး အမျိုးသား စီးပွားရေးဘ၀ တိုးတက်လာသည်နှင့်အတူ နိုင်ငံတော်ရဲ့ စီးပွားဖြစ်ထွန်းမှုကို အထောက်အကူ ပေးနေသည်ကို တွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးခင်ဗျား။ သို့ပေမယ့်လည်း ကျွန်တော်တို့ ရှမ်းပြည်မြောက်ပိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်မှ ရေြမေဒေသနှင့်မကိုက်ညီ အထွက်နှုန်းမကောင်း ၊ အရည်အသွေးမကောင်းသော စပါးမျိုးကို မဝယ် မနေရ စနစ်ဖြင့် ဝယ်ယူစိုက်ပျိုးစေခြင်းကြောင့် တောင်သူလယ်သမားများက မိမိလယ်ယာမြေနှင့် သင့်လျော်သော မျိုးသန့်စပါးများကို ထပ်မံပြီး အခြားမှာ ဝယ်ယူစိုက်ပျိုးနေရပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း သီးစား တစ်သီးလျှင် မျိုးစပါးကို နှစ်ကြိမ်ဝယ်ရတဲ့အတွက်ကြောင့် တောင်သူ လယ်သမားများ အလွန်နစ်နာလှပါတယ်။ သို့ပါသောကြောင့် ကျွန်တော်မေးလိုသည်မှာ တောင်သူ လယ်သမားများသည် ဈေးကွက်တွင် အမြတ်အစွန်းပိုမိုရရှိပြီး မိမိလယ်ယာမြေနှင့် အသင့်လျော်ဆုံး ဖြစ်သည့် ကြိုက်နှစ်သက်ရာ ရာသီအလိုက်သီးနှံများကို လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချ ခွင့်ရှိပါသလား။ မရှိသေးသည့် ဆိုင်ရာဒေသက တောင်သူလယ်သမား ပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းပေးပါမည်ကို မေးမြန်းပါသည်။