(င)-ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း မြို့နယ်များအတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (သို့မဟုတ်) ကောလိပ် တစ်ခုဖွင့်လှစ်ပေးနိုင်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း
မာန်အောင်ကျွန်းဟာ အခြား မြို့နယ်များနဲ့လည်းကောင်း၊ ပြည်မနဲ့ လည်းကောင်း ကုန်းလမ်း၊ လေလမ်းများ ဆက်သွယ်မှုမရှိ၍ ရေကြောင်းလမ်းတစ်ခုကိုသာ အားကိုး အားထားပြုနေရပါတယ်။ မိုးဦးနဲ့မိုးကာလများ၌ လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်များကြောင့် မည်သည့်နေရာသို့မျှ မသွားရဲကြဘဲ တံခါးပိတ်ပြီးနေရတဲ့ အြခေအနေတွေ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများနဲ့ အဝေးသင်ပညာရေး ကျောင်းသူ ကျောင်းသားများမှာ ပြည်နယ်ရဲ့မြောက်ဖက်အစွန်းမှာရှိတဲ့ စစ်တွေမြို့ကို သွားကာကျောင်းတက်ရတဲ့ အတွက်ကြောင့် သွားရေးလာရေး မြန်ဆန်မှုမရှိတဲ့အပြင် လွယ်ကူမှုလည်း မရှိပါ။ ညအိပ်ပြီးတော့ သွားနေရပါတယ်။ ရန်ကုန်နဲ့ ကုန်ကျမှုစရိတ်ကလည်း မကွာခြားလှပါ။ အဲဒါကြောင့် မဖြစ်မနေ ရန်ကုန်သို့ သွားရောက်ပြီးတော့ ပညာသင်ကြားနေသူများလည်း မနည်းပါ။
သို့ပါ၍ ကျောက်ဖြူခရိုင်နဲ့ သံတွဲ ခရိုင်မြို့နယ်များမှ တက္ကသိုလ်ဝင် အောင်မြင်ပြီးသူ ကျောင်းသူကျောင်းသား များအတွက် ရခိုင်ပြည်နယ်၊ တောင်ဘက်ခြမ်းမြို့နယ်တစ်ခုခုတွင် ဝိဇ္ဇာသိပ္ပံ သို့မဟုတ် ကောလိပ်တစ်ခုခုဖွင့်လှစ် သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ အကယ်၍သာ အထက်ပါ တက္ကသိုလ် သို့မဟုတ် ကောလိပ်တစ်ခုခုကို အချိန်ယူ၍ ဖွင့်လှစ်ပေးရန် ကြာနေဦးမည် ဆိုပါက ယခု လောလောဆယ်၌ အဝေးသင်တက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက် တောင်ပိုင်းမြို့နယ် တစ်ခုခုတွင် အဝေးသင်တက္ကသိုလ် စာမေးပွဲ စာဖြေဌာနတစ်ခု ဖွင့်လှစ်ပေးမည့် အစီအစဉ် ပြုလုပ်ပေး နိုင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။