(ဃ)-ပျက်စီးသွားသော အဆောက်အဦနှင့် ရေပေးမြောင်းအား အရေးပေါ် ပြုပြင်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
မေလနှင့် ဇွန်လမှာ တောင်သာမြို့နယ်ပြည်သူများနှင့်တွေ့ဆုံစဉ်မှာ ကျွန်တော်တို့ ဒီဒေသမှာရှိတဲ့ လယ်သမား များက ကျောဇီမြစ်ရေတင်မှာ ပျက်စီးသွားသော မြောင်းများကို ပြုပြင်ပေးဖို့အတွက် တင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ပြင်းထန်စွာရွာတဲ့မိုးကြောင့် ကျောဇီမြစ်ရေတင်မြောင်းဟာ ပေတံအမှတ် ၆၀၀၀ ရယ်၊ ၆၂၅၀၊ ၆၉၀၀ တို့မှာ ပေ ၁၅၅၀ လောက်ပျက်စီးသွားပါတယ်။ အဲဒီပျက်စီးသွားတဲ့ နေရာအပြင် ၆ ပေ x ၅ပေ x ၆ပေ x ၆ပေစသည့်အားဖြင့် ရေခြံများ ၃ ခုလည်း ပျက်စီးသွားပါတယ်။ လယ်သမားများ အနေနဲ့က နွေစပါး ၇၇၈ ဧက စိုက်ထားပါတယ်။ ဒီဧကတွေအတွက် ရေရလို ရငြားဆိုပြီး တတ်နိုင်တဲ့နည်းလမ်းနဲ့ ဝါးကပ်များချခြင်း၊ သဲအိတ်များချခြင်းနဲ့ အခြားနည်းလမ်းများ အသုံးပြုပြီးတော့ ဆောင်ရွက်ထားပါတယ်။ သို့သော်လည်းပဲ လုံလောက်ခြင်းမရှိပါဘူး။ ရေစီးရေ လာ ကောင်းခြင်းလည်း မရှိပါဘူး။ ထိန်းသိမ်းနိုင်တဲ့အနေအထားလည်း မရှိပါဘူး။ နောက်မကြာမီ ဆိုရင်လည်းပဲ လျာထားသတ်မှတ်ပေးထားတဲ့ မိုးစပါး ဧက ၆၁၀၀ စိုက်ပျိုးဖို့ ရှိပါတယ်။ လာမည့် ဇူလိုင်လကုန်မှာ မြေများပြုပြင်ခြင်း၊ ပျိုးထောင်ခြင်းများ လုပ်တော့မှာဖြစ်တဲ့အတွက် ရေမြောင်းဟာ အမြန်ပြုပြင်ပေးဖို့ လိုအပ်နေတယ်လို့ တင်ပြကြပါတယ်။ ဒါကြောင့်မို့လို့ နွေစပါးအဆင်ပြေဖို့ အတွက်၊ မိုးစပါးများကို အချိန်မီပျိုးထောင်စိုက်ပျိုးမြေပြင်နိုင်ဖို့အတွက် ပျက်စီးသွားသော ရေမြောင်းကို ပြင်ဆင်ပေးဖို့လိုလားပါတယ်။ ရေအရင်းအမြစ်မှာလည်း လာရောက်ပြီးတော့မှ စစ်ဆေး ပြီးတော့မှ ပြုပြင်ပေးဖို့ သက်ဆိုင်ရာသို့ တင်ပြထားတယ်လို့ တင်ပြပါတယ်။ ဒါကြောင့်မို့လို့ ကျောဇီမြစ်ရေ တင်မှာ ပျက်စီးသွားသော နေရာကို အမြန်ပြုပြင်ပေးဖို့နဲ့ ပြုပြင်ပေးနိုင်မှု အခြေအနေများကိုသိလို၍ မေးမြန်းရခြင်းဖြစ်ပါသည်။