(ဇ)-အခွန်တံဆိပ်ခေါင်းများကို မည်သည့် အချိန်တွင် လုံလောက်စွာ ရောင်းချပေးနိုင်မည်ကိုသိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ နိုင်ငံတော်အခွန်ငွေရရှိစေရေးအတွက် အခွန်တံဆိပ်ခေါင်း အမျိုးမျိုး၊ တံဆိပ်ခေါင်းမျိုးမျိုးကို ပြည်သူများကို ဖြန့်ဝေရောင်းချပေးလျက်ရှိပါတယ်။ အဲ့ဒီလို ထုတ်ဝေ၊ ဖြန့်ဝေရောင်းချပေးတဲ့အခါမှာ လိုအပ်၍ဝယ်ယူတဲ့ ပြည်သူများသို့ လိုသလောက် လုံလောက်စွာရောင်းချနိုင်ခြင်းမရှိဘဲ ကန့်သတ်ချက်များဖြင့် ရောင်းချပေးလျက်ရှိတာကို တွေ့ရ ပါတယ်။ ဒါကြောင့် ပြည်သူများအနေဖြင့် ပြင်ပဆိုင်များမှာ အခွန်တံဆိပ်ခေါင်းအမျိုးမျိုးကို မူလဈေးနှုန်းထက် သုံးလေးဆပေးပြီးတော့ ဝယ်ယူနေကြရပါတယ်။ နိုင်ငံတော်အခွန်ဘဏ္ဍာငွေ ရရှိအောင် အခွန်တံဆိပ်ခေါင်းအမျိုးမျိုးကို ရောင်းချပေးနေခြင်းဖြစ်တဲ့အတွက် ပြည်သူများအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် လိုသလောက်ဝယ်ယူရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ အဆိုပါအခွန်တံဆိပ်ခေါင်းများ ပြည်သူ အများသတ်မှတ်ဈေးနှုန်းဖြင့် လိုသလောက် ဝယ်ယူရရှိနိုင်အောင် မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သေးသည်ကိုလည်းကောင်း၊ မည်သည့်အချိန်တွင် လုံလောက်စွာရောင်းချပေးနိုင် မည်ကိုလည်းကောင်း ဖြေကြားပေးပါရန် မေးမြန်းပါသည်။