(ခ)-တောင်သူလယ်သမားများစိုက်ပျိုးထုတ်လုပ်သည့် သီးနှံဈေးနှုန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇-၉-၂၀၁၁ ရက်နေ့တွင် ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်တင်သွင်းခဲ့သော မြန်မာနိုင်ငံတွင်အဓိကစားသုံးသီးနှံဖြစ်သည့် စပါး နှင့် ပြည်ပဈေးကွက်ဝင်သီးနှံများဖြစ်သော ပဲမျိုးစုံတို့နှင့်ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး၊ ပြည်ပပို့ကုန်တိုးမြှင့်စေရေးနှင့် ဖြစ်ပေါ်နိုင်သောပြည်တွင်းဈေးနှုန်း၊ ပြည်ပေဈးနှုန်းအခြေအနေများ၊ ကုန်သွယ်မှုပြုကြသော အဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း၊ သီးနှံအထူးပြုကုမ္ပဏီများ အနေနဲ့သော်လည်းကောင်း၊ ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံအမျိုးအစားအလိုက် အချိန်ကာလ သတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု(Minimum Guaranteed Purchasing Price)ကို ဈေးကွက်စီးပွားရေးမူဘောင်အတွင်းမှ နိုင်ငံတော်အစိုးရ၏ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ် ဆောင်ရွက်ပေးနိုင်ရေးအဆိုကို လွှတ်တော်ကအတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ရည်ရွယ်ချက် ကောင်းမွန်ပြီး အမှန်တကယ်အချိန်မီဆောင်ရွက်နိုင်ပါက တောင်သူလယ်သမားများအတွက် များစွာ အကျိုးဖြစ်စေမည်ဖြစ်ကြောင်းသုံးသပ်ရရှိပါတယ်။ သို့ရာတွင် ၎င်းအတည်ပြုဆုံးဖြတ်ချက်အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ထင်သာမြင်သာရှွိခင်း၊ အချိန်မီဆောင်ရွက်နိုင်ခြင်းတို့နှင့်ပတ်သက်၍ လိုအပ်ချက်များရှိသည်ဟု ထင်မြင်ယူဆပါသည်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ၏အကျိုးအတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါ တယ်။ (က) သီးနှံများ၏ အနိမ့်ဆုံးဈေးနှုန်းများအား ပြည်ထောင်စုအစိုးရက မည်ကဲ့သို့သတ်မှတ်ခဲ့ပါ သနည်း။ (ခ) သီးနှံများ၏ အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ခဲ့ပါက မည်သည့်စံနှုန်းများဖြင့် တွက်ချက် သတ်မှတ်ပါသနည်း။ (ဂ) သတ်မှတ်ရာတွင် အချိန်ကာလနှင့်ပတ်သက်၍ သတ်မှတ်ချက်များရှိ/မရှိ (ဃ) စပါးနှင့် လယ်ယာထွက်ကုန်သီးနှံများကို နှစ်စဉ်စက်တင်ဘာလ ၁၅ မှ အောက်တိုဘာလ ၇ ရက် အတွင်း သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ (င) တောင်သူလယ်သမားများအားလုံး လွှမ်းခြုံသိရှိ အကျိုး ခံစားနိုင်ရေးအတွက် မည်သည့်ပုံစံစနစ်ဖြင့်ဆောင်ရွက်ပါသနည်းဆိုသည့် မေးခွန်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။